Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“​ေးတွေ(စစ်သား​တွေ)က မီးရှို့ရင် တစ်ရွာလုံးရှို့တာဆိုတော့ အဖိုးအဖွားတွေ မီးထဲပါတာတွေ အများကြီးရှိလာတယ်။ဆိုတော့ တိမ်းရှောင်ကြရပြီဆိုရင် မွေးကင်းစကနေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေကို အကုန်သယ်ထုတ်ပေးသွားရတာဆိုတော့ မြင်ရတာ ရင်နာစရာတွေပါ”

စစ်ကောင်စီက ခင်ဦးမြို့နယ်အတွင်း ရွာစဉ်တလျှောက်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ခုမှ ဒေသခံ နှစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

(ခင်ဦးမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ဧပြီ ၁၉ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး)
(ခင်ဦးမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ဧပြီ ၁၉ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး)

-ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူနဲ့​မေးမြန်းခန်း

စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှ အရပ်သား ၁၇၀ ကျော်ကို ဧပြီလ ၁၁ရက်တွင် လေကြောင်းမှ တိုက်လိုက်သတ်ဖြတ်ပြီးနောက် ဧပြီ၁၉ ရက်တွင် ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးအကြမ်းဖက်နေပြန်သည်။ စစ်ကောင်စီက ခင်ဦးမြို့နယ်အတွင်း ရွာစဉ်တလျှောက်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ခုမှ ဒေသခံ နှစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ခင်ဦးမြို့နယ်၊မြကန်ရွာတွင် ဖြစ်ပွားသောတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော် ငါးဦးပိတ်ဆို့တိုက်ခိုက်ခံရပြီးကျဆုံးခဲ့သည်။ ထို​အပြင်စစ်တပ်က ပြည်သူ၅ ဦးကိုလည်းဖမ်းဆီး​ခဲ့သည်။ ခင်ဦးမြို့နယ်အတွင်း လတ်တလောအခြေအ‌နေများကို ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံ People’s Spring သတင်းဌာနကဆက်သွယ်မေးမြန်းထားပါသည်။

-သဇင်/People’s Spring

မေး – အခု ခင်ဦးမြို့ကို ဝင်လာတဲ့ စစ်ကြောင်းက ဘယ်ကလာတာလဲ။

ဖြေ – ရေဦးကနေလာတာပါ။ ခင်ဦးရဲ့ အနောက်ဖက်မှာရေဦး။ တောင်ဘက်မှာဆိုရင်ရွှေဘိုရှိတယ်။ ရွှေဘို မှာဆိုရင် လေ့ကျင့်ရေး‌ ခွေးတပ်ရှိတယ်။ မြောက်ဖက်မှာဆိုရင် ကန့်ဘလူရှိတယ်။ ကန့်ဘလူမှာကျ‌တော့လည်း ဇီးကုန်း သကြားစက်ကခွေးတပ်ရှိတယ်။ ကျနော်တို့မြို့နယ်ကကျတော့ အကုန်ပတ်ပတ်လည်ဝိုင်းထားသလိုဖြစ်နေတာ။စစ်ကြောင်းက ရေဦးကနေလာပြီး ရွာသစ်ကုန်းနဲ့ မူးတိမ်က ခွေးတွေနဲ့ပေါင်းတယ်။ စစ်ကြောင်းထိုးပြီးဆို ရေဦးဘက်က လက်နက်ကြီးလှမ်းပစ်တယ်။

(ခင်ဦးမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ဧပြီ ၁၉ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး)
(ခင်ဦးမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ဧပြီ ၁၉ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး)

မေး – စစ်ကြောင်းမှာ အင်အား ဘယ်လောက်ပါလဲ

Public Service Announcement

Public Service Announcement

ဖြေ – ၁၀၀လောက်ရှိနေပါတယ်။

မေး – လတ်တလေ၊အခြေအနေရှင်းပြ​ပေးပါလား။ ‌ထွက်ပြေးနေရတဲ့ ရွာတွေက ဘယ်ရွာတွေလဲ။

ဖြေ – စစ်ခွေးစစ်ကြောင်းက ရွာစဥ်တ‌​လျှောက်ဝင်နေတာဆိုတော့ အရပ်သားတွေ အများကြီး ထွက်ပြေးနေရပါတယ်။ ခင်ဦး အနောက်တောင်ခြမ်း ကျေးရွာတွေဖြစ်တဲ့ အင်းပတ်၊မြကန်၊မရမ်းအင်း၊ကုန်းသာ၊ချမ်းသာကုန်း၊ညောင်ပင်ခြံ၊သဲကုန်းကြီး၊ ဆည်ကြီး၊မုံတော၊ဒါန်းကုန်း၊အောင်သာ၊အင်းပေါက်၊ကျွန်းဆွယ်၊သိမ်တော်၊ကျွန်းလယ်၊ကြာပင်အိုင်ရွာတွေ ‌ပြေးနေတာပါ။ စစ်ဘေးရှောင်နေရတာ ဒေသခံ နှစ် သောင်းကျော်နေပါပြီ။

မေး – ​ဒေသခံကာကွယ်ရေးရဲဘော်ငါးဦး ကျဆုံးတယ်လို့ကြားရပါတယ်။ ဘယ်လိုဖြစ်ခဲ့တာလဲ သိပါရစေ။

ဖြေ – မြကန်ရွာမှာ တိုက်ပွဲထဲ ပိတ်မိသွားတာပါ။ညှပ်ပူးညှပ်ပိတ်ပြီး ခံလိုက်ရတဲ့ဘောပါ။ မြကန်ဘေးနားမှာ ပျူရွာရှိတယ်။ စစ်ကောင်စီက မြကန်ရွာအပါအဝင် ခင်ဦးမြို့နယ်အနောက်ပိုင်းကို ရွာစဉ်တလျှောက်ထိုးလာတာ။ အရင်ကဆို တရွာတလေပဲ စစ်ကြောင်းဝင်တာ။ အခုကတော့ အင်အား၁၀၀ လောက်နဲ့ တစ်ရက်တည်းမှာတင်စစ်ကြောင်းတောက်လျှောက်ထိုးနေတာပါ။

မေး -ရဲဘော် ငါဦးကျဆုံးခဲ့တဲ့တိုက်ပွဲနဲ့ပတ်သပ်ပြီး နည်းနည်းအ​သေးစိပ်​ပြောပြ​ပေးပါလား။

ဖြေ – မြကန်ရွာတိုက်ပွဲမှာ ရဲဘော်ဖိုးကျော်၊ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ရဲဘော်ကိုနောင်နဲ့ ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရပါတယ်။ကျဆုံးတဲ့ရဲဘော်တွေက မြကန်ရွာထဲမှာ ပိတ်မိတဲ့အနေအထားဖြစ်သွားတာ။ သူတို့က ‌အရှေ့ရောအနောက်ရော မြောက်ဘက်ကပါ ပတ်ဝိုင်းဝင်လာတာဆိုတော့။ မြကန်ရဲ့ မြောက်ဘက်က မြင်းဒေါင်းရွာမှာလည်း ခွေးစစ်ကြောင်း ကင်းပုန်းရှိတယ်။ အဲ့ဒီလိုပဲ ညှပ်ပူးညှပ်ပိတ်ဖြစ်တာ။

မေး – စစ်ကောင်စီကဖမ်းသွားတဲ့ အရပ်သားတွေ သတင်း နောက်ဆုံး ဘာသိရ​သေးပါလဲ။

ဖြေ – အရပ်သား ငါးယောက်ဖမ်းသွားပြီး နှစ်ယောက်ကို ကျွန်းလယ်ရွာမှာ ပြန်လွှတ်ပေးတယ်လို့ ကြားရပါတယ်။ အတိအကျတော့ ဘာမှ မသိရသေးပါဘူး။

မေး- စစ်ဘေးရှောင်တွေကရော စိတ်ချလုံခြုံရတဲ့နေရာကိုရောက်ကြရဲ့လား။

ဖြေ – အခုက နေရာအနှံ့ထိုးတာဆိုတော့ လုံခြုံရေးသတင်းလေးတွေ အဆင်ပြေသလိုယူပြီး တိမ်းနေကြရပါတယ်။ သူတို့ ဆက်တိုးလာရင် ခွာရပါတယ်။

(ခင်ဦးမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ဧပြီ ၁၉ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး)
(ခင်ဦးမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ဧပြီ ၁၉ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး)

မေး – အခုလိုမျိုးအခြေအနေက ကာကွယ်ရေးတပ်ဖွဲ့တွေက မဟန့်တားနိုင်လို့လား

ဖြေ – တော်လှန်ရေးလုပ်ငန်းစဉ်ထဲမှာအရေးကြီးတာတစ်ခုက အရေးအကြောင်းတစ်ခုခုဖြစ်လာပြီဆိုရင် နံပတ်(၁) အ ရေးကြီးဆုံးက ပြည်သူတွေ လွတ်ကင်းအောင် ကယ်ထုတ်ရတာပေါ့။ကူညီကယ်ဆယ်၊ကယ်ထုတ်ရတာတွေအဓိကလုပ်ရပါတယ်။ တိုက်တယ်ခိုက်တယ်ဆိုတဲ့ စစ်ရေးနဲ့ ပတ်သက်ရင်တော့ စစ်ရေးဗျူဟာတွေ ချပြီး ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်အနေနဲ့လုပ်ရပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူတွေအန္တရာယ်ကနေလွတ်အောင် ကယ်ထုတ်ရတဲ့‌လုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ရပါတယ်။

မေး- အခု စစ်ကောင်စီစစ်ကြောင်းက ဘယ်ရောက်နေပြီလဲ။

ဖြေ – ကြာပင်အိုင်‌ရွာဘက်ကနေ ရွှေဘိုနယ်ရဲ့ တောင်ဘက်ကို ထွက်သွားပြီ။ရွှေဘိုမြို့နယ် စိုင်ဒိုးကျေးရွာဖက်ကို ရောက်သွားပါပြီ။

မေး – ဘာများဖြည့်စွက်ပြောလိုပါသလဲ

ဖြေ – ကျနော်တို့မြို့နယ်မှာ စစ်ကြောင်းကအမြဲတမ်းလိုလိုရှိနေတော့ မီးလောင်အိမ်ခြေလည်းများပါတယ်။ ခွေးတပ်က အခုလို စစ်ကြောင်းထိုးပြီဆို ပြေးကြလွှားကြရတယ်။ ဒီနေ့လိုဆို အပူချိန်တော်တော်များပါတယ်။ အမိုးအကာတွေနဲ့ အဆောင်ထဲမှာနေနေတဲ့သူတွေတောင် မနေနိုင်တာ အခုလိုဆို ပိုဆိုးတယ်။ အရင်ကဆို သက်ကြီးရွယ်အိုတွေဆိုရင် အိမ်မှာ နေခဲ့ဆိုပြီး ထားခဲ့လို့ရတယ်။ အခုဆို ခွေးတွေက မီးရှို့ရင် တစ်ရွာလုံးရှို့တာဆိုတော့ အဖိုးအဖွားတွေ မီးထဲပါတာတွေ အများကြီးရှိလာတယ်။ဆိုတော့ တိမ်းရှောင်ကြရပြီဆိုရင် မွေးကင်းစကနေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေကို အကုန်သယ်ထုတ်ပေးသွားရတာဆိုတော့ မြင်ရတာ ရင်နာစရာတွေပါ။ အသက်ဘေးကအရေးကြီးတာဆိုတော့ လုံခြုံရေးအဓိကထားပြီး တိမ်းရှောင်ကြရပါတယ်။ အမြဲတမ်းလည်း ကြုံနေကြရပါတယ်။ တော်လှန်ရေးမပြီးမချင်းတော့ ဒါတွေ ကြုံနေရမှာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အဖြစ်ဆိုးကိုထိတ်လန့်တုန်လှုပ်ခဲ့ကြတဲ့ဒေသခံတွေကို စစ်ကောင်စီက ကမ်းကုန်အောင်ထပ်မံရက်စက်ခဲ့တယ်လို့ ယမန်နှစ် ဧပြီလထဲက ငရဲခန်းနေ့ရက်တွေအကြောင်း ကန့်ဘလူမြို့က ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပြပါတယ်။

သတင်း

ပဇီကြီးကျေးရွာဖြစ်စဉ် နှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အနုပညာရှင်များအနက် သရုပ်ဆောင်မေပန်းချီသည် ဇွန်လအတွင်းက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ကျခံရန်မတရား အမိန့်ချမှတ်ခံရသူဖြစ်သည်။

သတင်း

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခုသည် ပဇီကြီးရွာနှင့် (၄) မိုင်ခန့်အကွာ သပိတ်ကျင်းမြို့နယ်၊ စံပယ်နဂိုရွာသို့ ယနေ(ဇွန်လ ၉ရက်) နံနက်တွင် ရောက်ရှိလာခြင်းဟု ပဇီကြီးရွာဒေသခံများက ပြောသည်။

သတင်း

ပေါက်ကွဲမှုရဲ့ အရှိန်နဲ့ အနီးတဝိုက် အဆောက်အအုံတွေမှာ အပူဒဏ်ကြောင့် ထိခိုက်ထားမှုတွေ၊ ရုပ်အလောင်းတွေရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ရာတွေနဲ့ တစ်ရှူးအပျော့တွေ အားလုံးက ထင်ရှားမြင်သာလွန်းတဲ့ အထောက်အထားတွေ ဖြစ်နေတယ်လို့လည်း HRWက ဆိုပါတယ်။