Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ထိခိုက်ပျက်စီးမှုကတော့ တစ်မြို့လုံးပါပဲ။ မထိဘူးဆိုတဲ့ အဆောက်အအုံက အနည်းဆုံးတော့ အမိုးတွေလန်ကုန်တာပေါ့”

မိုခါမုန်တိုင်း ဗဟိုချက်နှင့် ရင်ဆိုင်ခဲ့ရသော စစ်တွေမြို့၏ နောက်ဆုံးအခြေအနေများကို မြို့ခံတစ်ဦးကို People’s Spring သတင်းဌာနကဒီက​​နေ့(​မေ ၁၅)ဆက်သွယ်မေးမြန်းထားပါတယ်။

(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)
(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)

▪︎စစ်​တွေမြို့ခံတစ်ဦးနဲ့​မေးမြန်းခန်း

မေး – စစ်တွေမြို့ရဲ့ နောက်ဆုံးအခြေအနေလေး သိပါရစေ။

ဖြေ – မိုခါမုန်တုန်းက စစ်တွေကနေ ထွက်သွားပါပြီ။ ဒီနေ့(မေ ၁၅)မနက်ပိုင်းမှာ နေနည်းနည်းသာတယ်။ မိုးရော လေရောမရှိတော့ဘူး။ လောလောကျွန် တော်တို့မြို့ရဲ့အနေအထားက လုံးဝအဆက်အသွယ်ပြတ်သွားတဲ့ သီးခြားကမ္ဘာတစ်ခုလိုပဲ။

Public Service Announcement

Public Service Announcement

တစ်မြို့လုံးမှာရှိတဲ့ သစ်ပင်ကြီးမှန်သမျှအကုန်လဲကျသွားတော့ ဓာတ်တိုင်တွေလဲတယ်။ မီးကြိုးတွေအ ကုန်ပြတ်တောက်ကုန်တယ်။ မနေ့(မေ ၁၄)က ဆက်သွယ်ရေးတာဝါတိုင်ကြီးပါ လဲပြိုသွားတော့ ဘာဖုန်းလိုင်းမှလဲ မရတော့ဘူး။ အခုချိန်ထိလည်း MPT ရတယ်​ဘာညာပြောကြပေမယ့် အနည်းစုပဲဖြစ်မယ်ထင်တယ်။ ကျွန်တော်ကိုယ်တိုင်က ဖုန်းခေါ်လို့မရသေးဘူး။

(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)
(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)

မေး – မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးတဲ့အခြေ အနေ ဘယ်လိုရှိပါလဲဗျ။

ဖြေ – ထိခိုက်ပျက်စီးမှုကတော့ တစ်မြို့လုံးပါပဲ။ မထိဘူးဆိုတဲ့ အဆောက်အအုံက အနည်းဆုံးတော့ အမိုးတွေလန်ကုန်တာပေါ့။ တချို့ သစ်ပင်တွေပိလို့ အိမ်ပြိုတာအထိပါရှိတယ်။

လမ်းပိုင်းတွေဆိုရင်လည်း တချို့လမ်းတွေ ဝင်လို့တောင်မရသေးဘူး။ သစ်ပင်တွေလဲ၊ ဓာတ်တိုင်တွေကျိုးကျဆိုတော့ လမ်းတွေပိတ်နေသေးတယ်။ ရှင်းတာတွေလည်း ရှင်းနေတယ်ပေါ့။ အများစုကတော့ မရှင်းနိုင်သေးဘူး။

Public Service Announcement

Public Service Announcement

တစ်ခုကံကောင်းတယ်လို့ ပြောနိုင်တာက အိမ်တွေထိခိုက်ပျက်စီးမှုများပေမဲ့ အသေအပျောက်မရှိသလောက်ပဲ။ လောလောဆယ် ကြားတာ သုံးယောက်ပဲရှိတယ်။ အဲဒါကလည်း မတော်တဆဖြစ်ပြီး သေသွားတာပေါ့။ တစ်ယောက်က လေဘေးရှောင်စခန်းမှာနေရင်း အိမ်အမိုးကွာပြီး သွက်ပြားမှန်လို့ သေတာ။ နောက်တစ်ယောက်က မိုးရွာရေတက်တော့ မြေပြိုတာမှာ ပိပြီးသေတာလို့ ပြောကြတယ်။ ကျန်တဲ့တစ်ယောက် သေချာမသိရသေးဘူး။

မေး – မုန်တိုင်းရဲ့ဗဟိုချက်နဲ့ ရင်ဆိုင်ရတာ ခန့်မှန်းအချိန်ဘယ်လောက်ကြာလဲဗျ။ အဲဒီကာလကို ဘယ်လိုကြော်ဖြတ်ခဲ့လဲ။

ဖြေ – မနေ့က မုန်တိုင်းဗဟိုချက်မလာခင် မနက် ၁၁ နာရီလောက်ထဲက လေရောမိုးရော စနေပြီ။ လေ တိုက်နှုန်း သိပ်မပြင်းသေးဘူး။ အဲ နေ့လယ် ၁၂ နာရီလောက်ကျတော့ မုန်တိုင်းဗဟိုချက် ဝင်လာတာပဲ။ လေပြင်းကတိုက် မိုးကရွာဆိုတော့ ကမ်းနားကနေစပြီး မြို့ပေါ်ရေတက်တော့တာပဲ။ နေ့လယ် ၁ နာရီကျော်ကျော်လောက်မှ ရေစတက်တယ်။ မုန်တိုင်းဗဟိုချက်ကတော့ ညနေ ၃ နာရီလောက်မှ ပြီးသွားတယ်။ လေတိုက်နှုန်းက တော်တော်လေးကိုပြင်းတယ်။ ရေကလည်း တောက်လျှောက်တက်တာ ဒါပေမဲ့ သိပ်ကြီးဆိုးဝါးတဲ့အခြေအနေမရောက်လိုက်ဘူး။

မြို့ရဲ့အနိမ့်ပိုင်း ကမ်းနားဘက်တွေမှာတော့ လမ်းပေါ်မှာ ၄ ပေ၊ ၅ ပေလောက်အထိ တက်လိမ့်မယ်။ အမြင့်ပိုင်းတွေမှာတော့ အဲလောက်မရှိဘူး။ ညနေ ၄ နာရီကျော်လောက်ရှိတော့ ဗဟိုချက်လည်း ငြိမ်ပြီ၊ ရေလည်းပြန်ကျပြီပေါ့။ အဲဒါနဲ့ ကျွန်တော် လမ်းပေါ်လျှောက်သွားကြည့်သေးတယ်။ ဘယ်ကြည့်ကြည့်မြင်နေရတာက နာဂစ်ကိုတောင်သတိရသွားတယ်။ အပျက်အစီးတွေက အားလုံးဖရိုဖရဲနဲ့ နာဂစ်အတိုင်းပဲ။ နာဂစ်လို လူအသေအပျောက် မများတာပဲရှိတယ်။ ကျန်တာတော့ နာဂစ်သာကြည့်တော့။

(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)
(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)

မေး – စစ်တွေမြို့ရဲ့ လက်ရှိအခြေအနေက လုံးဝဘေးကင်းသွားပြီ လုံခြုံစိတ်ချရပြီလို့ ဆိုနိုင်ပြီလားဗျ။

ဖြေ – ထိခိုက်ပျက်စီးတွေ ရှင်းဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ကလွဲလို့ မုန်တိုင်းဘေးကနေ လွတ်မြောက်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။ အပျက်အစီးတွေအရမ်းများသွားတော့ အချိန်တော့ယူရမှာပေါ့။

မုန်းတိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားပြီဆိုတော့ မုန်တိုင်းအန္တရယ်တော့ မရှိတော့ပါဘူး။ ဒါပေမဲ့ လတ်တလောမှာ စားရေး၊ နေရေးတွေ ခက်ခဲနိုင်ပါတယ်။ အိမ်တွေပျက်စီးသွားတော့ တတ်နိုင်သူက ချက်ချင်းပြင်ဆင်နိုင်ပေမယ့် မတတ်နိုင်သူတွေအဖို့ နေရေးခက်မယ်။ ပြီးတော့ အစားအသောက်ပေါ့။ ကယ်ဆယ်ရေးအဖွဲ့တစ်ခုနှစ်ခုက ထမင်းထုပ်လေးတွေလိုက်ဝေနေတာတော့ တွေ့ခဲ့တယ်။ အဲဒါက လတ်တလောပဲ အဆင်ပြေမှာ။

ငွေကြေးတတ်နိုင်သူတွေက ရိက္ခာတွေဘာတွေ စုစောင်းထားနိုင်ခြေရှိပေမယ့် လက်လုပ်လက်စားနဲ့ သာမန်ပြည်သူတွေက အရင်ကပဲ တစ်နေ့စာတစ်နေ့ရှာစားရတော့ ဘယ်လိုစုစောင်းမလဲ။ သူတို့အတွက် ပိုခက်ခဲနိုင်တယ်။ ဝန်ထမ်းအသိုင်းအဝိုင်းကနေ ပြန်ကြားရတာက သူတို့(ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ)က အရေးပေါ်ကာလ ၆ လသတ်မှတ်ပြီး ပြန်လည်ထူထောင်ရေးကို ၃ လသတ်မှတ်မယ်လို့ကြားတယ်။ သေချာတော့ မသိရသေးဘူးပေါ့။

(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)
(မိုခါမုန်တိုင်းဝင်​ရောက်ခဲ့တဲ့ စစ်​တွေမြို့ ​မေ ၁၅ ရက်မြင်ကွင်း။ဓါတ်ပုံ-CJ)

မေး – အဝေးရောက် စစ်တွေမြို့သူ/မြို့သားတွေ၊ ရခိုင်သူ/ရခိုင်သားတွေကို ဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ – ကျွန်တော် အများကြီးတောင် ပြောဖို့လိုမယ်မထင်ဘူး။ စစ်တွေတစ်မြို့လုံး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားပါပြီ။ ပြောမယ်ဆိုရင် စစ်တွေတင်မကပါဘူး။ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း စတဲ့မြို့တွေပါ မုန်တိုင်းဒဏ်ခံခဲ့ရတာ။ အဲဒီဘက်တွေ ဆက်သွယ်လို့တော့ မရတတ်သေးဘူး။ ဘယ်လောက်ထိခိုက်သွားလဲ သေချာမသိရသေးဘူး။

အဲဒီဘက်တွေ အရင်ကကားနဲ့သွားလို့ရတယ်။ အခုရလား မရလားကျွန်တော်သေချာမသိဘူး။ လမ်းပိုင်းတွေသုံးလို့ရသေးလား၊ ဘယ်လိုရှိလဲ မသိရသေးဘူး။ အဲတော့ ခြုံပြောရရင် မိုခါ မုန်တိုင်းကိုတော့ အသေအပျောက်အနည်းဆုံးနဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော့်မိသားစုကအစ ပြန်လည် ထူ ထောင်ရေးတွေ အများကြီးလုက်ကြရဦးမယ်။

အဲဒီအတွက် အကူအညီတွေ ဘက်ပေါင်းစုံကလိုအပ်ပါတယ်။ ကျွန်တော်တို့ ရခိုင်သူရခိုင်သားတွေမှမဟုတ်ဘူး၊ ပြည်မထဲက ပြည်သူတွေရော နိုင်ငံ တကာကိုရော ဝိုင်းဝန်းကူညီပေးကြဖို့ ပြောလိုပါတယ်။ ။