ဖာပွန်-ကတိုင်တိလမ်းမပေါ်မှာရှိတဲ့ မထောကျေးရွာနဲ့ ခွေးသေရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အထိအခိုက်အကျဆုံးကိုတော့ မသိရသေးဘူးလို့ ကေအန်ယူ နယ်မြေခံအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
မနေ့ မနက်ပိုင်းကလည်း မထောကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တာလို့ ကေအန်ယူသူးလေသတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
မေလ ၂၀ ရက်နေ့ကလည်း ဖာပွန်လမ်းမပေါ်မှာ ဖြတ်သန်းလာတဲ့ ကရင်နယ်ခြားစောင့်တပ်ယာဉ်တစ်စီးဟာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သေးတာပါ။
ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းမပေါ်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ကမမောင်းမြို့နဲ့ မြိုင်ကြီးငူအထူးဒေသဘက်ကို စစ်ရှောင်ရောက်လာသူဦးရေက ထောင်ချီရှိလာပြီ ဖြစ်ပါတယ်။
