ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံခရိုင်အတွင်းရှိ လေးကေကျေးရွာဘက်သို့ ဦးတည်မောင်းနှင်လာသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပိန္နဲတောတပ်စခန်းမှ စစ်ကားလေးစီးအား ဘီးလင်းမြို့နယ် တာပေါကျေးရွာအုပ်စုအတွင်း၌ မိုင်းခွဲတိုက်ခိုက်ခဲ့ဟု သထုံခရိုင်က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ယာဉ်တန်းမလာမီ စက်တင်ဘာ ၃ရက် နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်၏ ဝင်းတာပန်တပ်စခန်းမှ နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတပ်တို့က လမ်းလုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း၊စက်တင်ဘာ ၃ရက် ညနေပိုင်းတွင် ယာဉ်တန်းကို KNLA တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဖက်မှ ကားနှစ်စီးပျက်စီးကာ တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
နယ်မြေအတွင်း ဝင်လာ၍ ပြည်သူလူထုလုံခြုံရေးအတွက် ကာကွယ်ရမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို သထုံခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘားအံမြို့နယ်တွင်လည်း စက်တင်ဘာ ၃ရက် နံနက်က KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ် ထိတွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
