အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် နေရပ်စွန့်ခွာနေရသော ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်သည်။
စက်တင်ဘာ၂၂ ရက်ကစ၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊တပ်ရင်း (၉) နှင့် အာဏာ သိမ်းစစ်ကောင်စီတပ်များ ဖြစ်သော ခမရ-၃၄၉၊ ခမရ-၅၉၀၊ ခမရ-၅၉၉ တို့ အကြား တိုက်ပွဲ များ ဖြစ်ပွားမှုကြောင့် ညောင်လေးပင်ခရိုင်မှ လော်မူသော၊ လော်မူပယ် ကျေးရွာများမှ ရာနှင့်ချီသော ဒေသခံများ တောကြို၊တောင်ကြားသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်ရမှုများ အပေါ် ညောင်လေးပင်ခရိုင် ခေါင်းဆောင်များ မှ ညောင်လေးပင် ခရိုင်၊ ကရင်ပြည်တွင်းနေရပ်စွန့်ခွာကော်မတီ (CIDKP)အား ထွက်ပြေးတိမ်းရှောင်သူများအတွက် ကူညီစီစဉ် ဆောင်ရွက်ပေးနိုင်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လတ်တလောတော့ ရေတို အနေနဲ့ ဆန်အိတ် ၂၆ အိတ်ကို ထောက်ပံ့တာပေါ့။ နောက်ပိုင်း ထပ်ပြီးပေးနိုင်ဖို့ ဆက်စီစဥ်နေတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

လက်ရှိတွင် လော်မူသော၊ လော်မူပယ် ကျေးရွာမနှစ်ခုတွင် စစ်ကောင်စီက တပ်စွဲနေရာယူမှုများရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိသော အိမ်ထောင်စု ၁၄၀ ကျော်မှ ထွက်ပြေးနေရသည်။
KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် ယခုရက်ပိုင်းအတွင်း တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃)ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်နှင့် တပ်မဟာ (၆) ဒူးပလာယာခရိုင် နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။


















































