ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ စက်တင်ဘာ ၃၀ရက်တစ်ရက်တည်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)၏ Mutraw Newsက ယနေ့ ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲခြောက်ကြိမ်တွင် စကခ(၈) လက်အောက်ခံ ခမရ(၄၀၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ဦးသေဆုံးပြီး ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးအဆင့် နှစ်ဦးပါဝင်ကြောင်း ဖော်ပြထားသည်။ ယင်းတိုက်ပွဲများ၌ KNU ဘက်မှ ကျဆုံးထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။
KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်ကောင်စီတပ်ဘက်မှ နယ်မြေစိုးမိုးမှု မရရိစေရန်နှင့် မိမိနယ်မြေအား ခုခံထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ခြင်းအပေါ် စစ်ကောင်စီတပ်ကလည်း အင်အားအများအပြား ဖြည့်တင်းလျက်ရှိကြောင်း ထုတ်ပြန်သည်။
KNU တပ်မဟာများအနက် တပ်မဟာ(၅)နယ်မြေသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံး နယ်မြေဖြစ်သည်။ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများပြားနေပြီး KNUဘက်က ထိခိုက်မှုနည်းနေရခြင်းဖြစ်ကြောင်း KNUတပ်မဟာ(၅) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

Public Service Announcement


















































