Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အရေးမှာ အာဆီယံ ဘာကြောင့် တင်းမာလာရလဲ

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ပြည်သူတွေ ရက်ရက်စက်စက်နှိမ်နင်းခံရမှုတွေကြောင့် လူတစ်ထောင်ကျော်သေဆုံးခဲ့ရပြီး အများအပြား ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့အပေါ် အာဆီယံ စိုးရိမ်ပူပန်လို့လား။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)ဟာ မကြာမီ ဘရူနိုင်းနိုင်ငံမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်ပိတ်ပင်လိုက်တာဟာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုဝင်မစွတ်ဖက်ရဘူးဆိုတဲ့ ကာလရှည်ကြာကိုင်စွဲထားတဲ့ မူဝါဒကို ပစ်ပယ်လိုက်တာလား ၊ ဒီလိုဘာကြောင့်လုပ်ဆောင်တာလဲ။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ပြည်သူတွေ ရက်ရက်စက်စက်နှိမ်နင်းခံရမှုတွေကြောင့် လူတစ်ထောင်ကျော်သေဆုံးခဲ့ရပြီး အများအပြား ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့အပေါ် အာဆီယံ စိုးရိမ်ပူပန်လို့လား။

Public Service Announcement

Public Service Announcement

ဒါမှမဟုတ်ဒေသတွင်းမှာ အင်အားကြီးနိုင်ငံတွေ ရဲ့ ပြိုင်ဆိုင်မှု မြင့်တက်လာချိန် နဲ့တပြိုင်တည်းမှာပဲ စွမ်းဆာင်ရည်ထိထိရောက်ရောက်မရှိဘူးလို့ဝေဖန်ခံရလို့ ဆုံးရှုံးနေတဲ့ သိက္ခာကိုပြန်လည်အဖတ်ဆယ်လိုတာကြောင့်လား ။

စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကိုအပြင်းအထန်ရှုတ်ချပြီး မြန်မာနိုင်ငံကိုမူလလမ်းကြောင်းပေါ် ပြန်ရောက်အောင် တိုက်တွန်းနေတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ မျက်နှာသာပေးမှုကို ကပ်ရောဂါအလွန်မှာ အာဆီယံဟာ အတော် မှီခိုနေရပါတယ်။

ဆန္ဒပြပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုအပေါ် ထိထိရောက်ရောက်ဆောင်ရွက်မပေးတဲ့ အာဆီယံကိုရှုတ်ချခဲ့သလို အာဆီယံအလံကိုလည်း ရန်ကုန်မြို့မှာ မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

တကယ်တော့ အာဆီယံ ကိုယ်တိုင်က လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေရဲ့အစုအဖွဲ့အဖြစ် ပုံဖော်ကို ခက်ခဲပါတယ်။ ဒီအဖွဲ့ကြီးရဲ့ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံ ဟာ အကြွင်းမဲ့ ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံပါ။

Public Service Announcement

Public Service Announcement

ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေက တစ်ပါတီစနစ်ကြီးစိုးတဲ့ ကွန်မြူနစ်နိုင်ငံတွေဖြစ်နေပါတယ်။

ကမ္ဘောဒီးယားဆိုရင် ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံတွေကို တရားမဝင်ဖြစ်အောင် မကြာသေးခင်က လုပ်ဆောင်ခဲ့ပြီး ဒါဟာ နိုင်ငံကို ပိုမိုဆိုးရွားတဲ့ အာဏာရှင်စနစ်ဆီ ဦးတည်လိုက်ပါတယ်။

စင်ကာပူဟာလည်းအခြေခံ လွတ်လပ်ခွင့်တွေ ဖြစ်တဲ့သတင်းစာလွတ်လပ်ခွင့်နဲ့ လူမှုအခွင့်အရေးတွေ ကင်းမဲ့နေပါတယ်။

မလေးရှားကို ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းနိုင်ငံအဖြစ် ဖော်ပြလို့ရနေပေမယ့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဆိုရင် မီဒီယာတွေနဲ့အတိုက်အခံတွေကို ချိုးနှိမ်တာကြောင့် လူသိများနေသူပါ။

ထိုင်းနိုင်ငံမှာဆိုရင်လည်း ရွေးကောက်ခံအစိုးရတွေကို စစ်တပ်က မကြာခဏ ဖြုတ်ချအာဏာသိမ်းပြီး ၂၀၁၉ မှာရွေးကောက်ပွဲလုပ်ကာ နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားတာဖြစ်ပါတယ်။

အတိတ်က အာဏာရှင်ကြီးစိုးခဲ့တဲ့ သမိုင်းကြောင်းရှိပေမယ့် အင်ဒိုနီးရှားဟာ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ရှိနေပါတယ်။ အင်ဒိုနီးရှားသာ အာဆီယံရဲ့ တစ်နိုင်ငံတည်းသော ဒီမိုကရေစီနိုင်ငံ လို့ အချို့က ပြောကြပါတယ်။

“ဝင်ရောက်မစွတ်ဖက်ရေးနဲ့ ဘုံသဘောတူညီချက် “ဆိုတဲ့ အာဆီယံရဲ့ အခြေခံမူဝါဒ ၂ ချက်ကြောင့်ပဲ အဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံရဲ့ပြဿနာ ဒါမှမဟုတ် ဒီမိုကရေစီနိုင်ငံမဟုတ်တဲ့အဖွဲ့ဝင်နိုင်ငံတွေကြား ပြဿနာကြုံတွေ့ရင် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံဟာအခုချိန်ထိမချမှတ်နိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အာဆီယံ ခေါင်းဆောင်တွေဟာ မြန်မာစစ်ကောင်စီအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးလာပုံရပါတယ်။

ကိုယ်ကိုယ့်ကိုယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က ဂျာကာတာကို တစ်ရက်တာသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ မိတ်ဖက်အာဆီယံခေါင်းဆောင်တွေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုသဘောတူညီလိုက်ပါတယ်။

အဲဒီဘုံသဘောတူညီချက် ၅ ရပ်မှာအကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ၊ ပဋိပက္ခတွေကိုငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ အဖွဲ့အစည်းအားလုံးနဲ့တွေ့ဆုံဆွေးနွေးညှိနှိုင်းကြဖို့တွေ ပါဝင်တာပါ။

ဒါအပြင် စေ့စပ်ညှိနှိုင်းရာမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အာဆီယံ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာ(AHA)ကနေ ပေးအပ်ဖို့ ကို ဆုံးဖြတ်ကြပါသေးတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ခွင့် ၊ ဒီလိုလာရောက်ရာမှာ သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်ကို မင်းအောင်လှိုင်ဟာ သဘောတူခဲ့ပါတယ်။

ဗီဒီယို ကွန့်ဖရန့်ဆင်းနဲ့ အောက်တိုဘာလ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပိတ်ပင်ရတဲ့အကြောင်းရင်းကို အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်တဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ထုတ်ပြန်ချက်ထုတ်ပြီး ရှင်းလင်းထားပါတယ်။

အဲဒီရှင်းလင်းချက်မှာ အာဆီယံ ရဲ့ ပဋိဉာဉ် ကို ဂရုစိုက်ပေမယ့် မြန်မာ့နိုင်ငံမှာဖြစ်ပျက်နေတာတွေဟာ ဒေသတွင်း လုံခြုံရေး ၊စည်းလုံးရေး အပြင် အာဆီယံ ရဲ့ ဂုဏ်သိက္ခာနဲ့ ဗဟိုပြုမှုအပေါ် သက်ရောက်မှုရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် လာမယ့်ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ မှာ နိုင်ငံရေးနဲ့မပတ်သက်သူတစ်ဦး တက်ရောက်ခွင့်ပြုမယ်လို့ အာဆီယံ က ဆုံးဖြတ်လိုက်တာပါ။

နိုင်ငံရေး နဲ့မပတ်သက်သူဆိုတာဘယ်သူဘယ်ဝါမျိုး မရှင်းလင်းသလို သူ့ကို ဘယ်သူက ဘယ် ပုံခန့်အပ်မလဲဆိုတာလည်း တိကျ ရှင်းလင်းမှု မရှိပါဘူး။

အဲဒီနောက် စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အထူးကိုယ်စားလှယ်အဖြစ် ဘရူးနိုင်း နိုင်ငံခြားရေးဒုဝန်ကြီး အက်ဝပ်ယူဆွတ်ကို ခန့်အပ်တာကို လက်ခံခဲ့တယ်လို့ တုံ့ပြန်ပါတယ်။

AHA က လာတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်း ဖြန့်ဖြူးပေးခဲ့တယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်ကို သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ခွင့်မပြုတာဟာ သူတို့တွေဟာ တရားရုံးတွေမှာအမှုရင်ဆိုင်နေရသူတွေဖြစ်တာကြောင့်လို့ ပြန်ရှင်းပါတယ်။

တနည်းအားဖြင့် ဒါဟာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ခေါင်းဆောင်တွေ ၊ အာဏာသိမ်းတာကိုဆန့်ကျင်သူတွေနဲ့တွေ့ဆုံဆွေးနွေးခွင့်ကို စစ်ကောင်စီက ပိတ်ပင်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးကဆို မြန်မာနိုင်ငံကို နိုင်ငံရေးအရလှုံဆော်ဖို့ ၊ ဖိအားပေးဖို့ ရည်ရွယ်သူတွေရဲ့ လုပ်ရပ်ကို အာဆီယံ အထူးကိုယ်စားလှယ်ဟာရှောင်ရှားနိုင်လိမ့်မယ့်လို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အာဏာကို အခြေခံဥပဒေနဲ့အညီ ယူခဲ့တာလို့အစဉ်တစိုက်ပြောဆိုနေပါတယ်။ အခြေခံဥပေ ဒအရ သမ္မတ ဟာ စစ်ဗိုလ်ချုပ်တွေဆီကို အာဏာလွှဲပြောင်းပေးခွင့်ရှိတယ်လို့လည်းပြောနေပါတယ်။

ဒါကြောင့် သမ္မတ ဦးဝင်းမြင့် ကျန်းမာရေးကြောင့်အနားယူသွားလို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက သမ္မတရာထူးကို လက်လွှဲယူခဲ့ရတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါပေမယ့်အောက်တိုဘာလ ၁၂ ရက်က တရားခွင်မှာ သမ္မတ ဦးဝင်းမြင့်ဟာ သူ့ကျန်းမာရေးကောင်းမွန်ကြောင်း ၊ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ရက်မနက်ပိုင်းကစစ်တပ်ဟာ သူ့ကို ရာထူးကနုတ်ထွက်ဖို့ ဖိအားပေးခဲ့ပြီး မလိုက်လျောရင် ထိခိုက်နစ်နာမှုတွေရှိလာမယ်ဆိုတာကိုထွက်ဆိုတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြခဲ့ပါတယ်။

“လိုက်လျောလိုက်ရမှာထက် အသေပဲခံလိုက်မယ်” လို့ ဦးဝင်းမြင့်က ထွက်ဆိုကြောင်း သတင်းထောက်တွေဆီကို အင်္ဂလိပ်ဘာသာနဲ့ ပေးပို့တဲ့ ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ မက်ဆေ့ချ်မှာဖော်ပြထားပါတယ်။

ဒီအချက်ကြောင့် စစ်အုပ်စုရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအောက်မှာပဲ စစ်ကောင်စီရဲ့ တရားဝင်မှုဟာ သေးသိမ်းသွားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေး မှာ စစ်ကောင်စီတက်ရောက်ခွင့်ပိတ်ပင်ထားဖို့ ကြိုးပမ်းမှု ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ကစတင်ပုံရပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အပြည့်အဝပူးပေါင်းမှုမရှိရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တွေ့ဆုံဆွေးနွေးရေးစဉ်းစားဖို့ သူ့နိုင်ငံက အဆင့်သင့်ပဲလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၆ ရက်မှာ ထုတ်ပြောခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်းစကားဆိုတတ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ကလည်း “အားလုံးပါဝင်တဲ့ဖြစ်စဉ်ကနေ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်တာမရှိသေးခင်အချိန်ထိ နိုင်ငံရေးအဆင့်မှာ မြန်မာဟာကိုယ်စားပြုခွင့်မရှိသင့်ဘူး” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့အဖွဲ့ဝင်ဖြစ်မှုဟာ အဖွဲ့ကြီးအပေါ် ဆိုးဆိုးရွားရွာ ထိခိုက်မှု မရှိနိုင်ဘူးလို့ လက်ခံထားတဲ့ အာဆီယံ ဟာ စစ်ကောင်စီရဲ့ ခေါင်းမာတာ ၊ သိက္ခာကင်းမဲ့တာတွေကြောင့် စိတ်ကုန်နေတာလို့ ဒေသတွင်းလုံခြုံရေးဆိုင်ရာသုတေသီတွေက ဆိုကြပါတယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေကို နှစ်အတော်ကြာ လက်ခံခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းအထိ စာရင်းတွေအရ မလေးရှားက UNHCR ရုံးမှာ စာရင်းသွင်းထားတဲ့ ဒုက္ခသည် နဲ့ ခိုလှုံခွင့်လျှောက်ထားသူဟာ ၁၇၉ ၃၉၀ ဦးရှိနေပါတယ်။

အဲဒီအထဲမှာ ရိုဟင်ဂျာ ၁၀၂၉၉၀ ဦး ၊ လူနည်းစု ချင်းခရစ်ယာန်၂၂၄၇၀ ဦး နဲ့ ပဋိပက္ခဖြစ်နေတဲ့ မြန်မာပြည်တွင်းဒေသတွေက တိုင်းရင်းသား ၂၉၃၉၀ ဦး ပါဝင်ပါတယ်။

ဒါအပြင် အရေအတွက် တိတိကျကျ မသိရပေမယ့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာပင်လယ်ဖြတ်ပြီး အင်ဒိုနီးရှားကို ရောက်ရှိကြတာရှိပါသေးတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြသူတွေကို ပြန်လည်ပို့ဆောင်ရာမှာ အင်ဒိုနီးရှားနဲ့ မလေးရှားဟာ အကြိမ်ကြိမ် မအောင်မြင်ခဲ့ပါဘူး။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဟာ အာဆီယံအတွင်း စီးပွားရေးကိုလည်းထိခိုက်စေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ စင်ကာပူဟာ အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်ပို့ခဲ့ပါတယ်။

ဒီထဲမှာ လောင်စာဆီ ၊ရေနံ၊ လျှပ်စစ်ပစ္စည်းတွေ ၊ စက်ပစ္စည်းတွေ ပါဝင်ပါတယ်။

ဒီလို မြန်မာနဲ့ကူးသန်းရောင်းဝယ်တာကြောင့် စင်ကာပူကုမ္ပဏီတွေနဲ့ အာဆီယံအဖွဲ့ဝင်တွေဟာ စီးပွားရေးအရအရေးယူတာ ၊သပိတ်မှောက်တာတွေကိုကြုံတွေ့လာနိုင်ပါတယ်။

မြန်မာနဲ့ ဗီယက်နမ်ကြားကုန်သွယ်မှု အာဏာမသိမ်းခင်က တိုးတက်နေတာပါ။ ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ နဲ့ ဈေးဝယ်စင်တာကြီးတွေ မှာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။

မြန်မာနိုင်ငံမှာ ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ မိုင်တဲလ်ကို ဗီယက်နမ်စစ်တပ်ပိုင် ဗီယက်တဲနဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင်တို့ ပူးပေါင်းလုပ်ကိုင်ကြပါတယ်။

ဒီမိုကရေစီနိုင်ငံလို့ ပြောရခက်တဲ့ ဗီယက်နမ်ဟာ ပြည်ပနိုင်ငံ တစ်နိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဂရုစိုက်ချင်မှစိုက်ပါလိမ့်မယ်။

ဒါပေမယ့် သူတို့ ဖက်စပ်ပိုင်ဆိုင်တဲ့လုပ်ငန်းက ဆက်သွယ်ရေးတာဝန်တိုင်တွေကိုစစ်ကောင်စီ ဆန့်ကျင်သူတွေ က ဖျက်ဆီးနေတာတွေ ၊ အာဏာသိမ်းလို့ တခြားရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်ရတာတွေကို ဗီယက်နမ်ဟာ ကျေနပ်ဖို့ခက်ခဲပါလိမ့်မယ် ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းအလွန်ကာလတွေကို အလေးထားပြီးစောင့်ကြည့်နေသူတွေ က စစ်ကောင်စီဟာဖမ်းဆီးထိန်းသိမ်းခံ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မယုံကြည်ကြပါဘူး။

အာဆီယံဟာဆိုရင်လည်း သူရဲ့ ဂုဏ်သိက္ခာကို ဆွဲချနေတဲ့ အပယ်ခံအဖွဲ့ဝင်နဲ့ ပိတ်မိနေပါတယ်။

ဒီအခြေအနေမှာ အာဆီယံဟာ နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်ပြီးနေတာထက် လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေဟာလည်း အနည်းအကျဉ်းသာရှိနေပါတယ်။

မြန်မာဟာ အာဆီယံမိသားစုမှာ အရေးကြီးတဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ပြည်တွင်းရေးရာတွေမှာ ပုံမှန်အခြေအနေကိုပြန်ရောက်ဖို့မြန်မာကို အချိန်ပေးသင့်တယ်လို့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ကြေညာချက်တစ်စောင်ထုတ်ပြီး ပြောထားပါတယ်။

ဒါပေမယ့် ဒီအချက်အပေါ်ကိုတော့ များများစားစားမျှော်လင့်ထားပုံမရပါဘူး။ မြန်မာဟာ ဝရုန်းသုဉ်းကားအခြေအနေထဲရောက်နေတာပါ။

ဒီအခြေအနေမှာ အာဆီယံဟာ ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ရုံလောက်သာ လုပ်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။

(Asia Times မှာ အောက်တိုဘာလ ၁၈ ရက်ဖော်ပြထားတဲ့ BERTIL LINTNER ရဲ့ Why ASEAN finally took a stand on Myanmar ဆောင်းပါးကိုဆီလျော်အောင်ပြန်ဆိုထားတာဖြစ်ပါတယ်)

Photo: AFP / Romeo Gacad