မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်နေသည့် တော်လှန်ရေးတိုက်ပွဲကာလအတွင်း ရောက်ရှိနေသည်ကို သတိကပ်၍ မလိုအပ်ဘဲ အပြင်မထွက်ခြင်းဖြင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ပူးပေါင်းပေးကြပါရန် People’s Defence Force – South Monywa မေတ္တာရပ်ခံလိုက်သည်။
ယနေ့အချိန်အခါကာလသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ် တိုက်ထုတ်နေကြသည့် အချိန်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် တော်လှန်ရေးတိုက်ပွဲအတွင်းဖြစ်သည်ကို မမေ့မလျော့ သတိကပ်၍ ဆန္ဒကို အသိ သတိနှင့်ချိုးနှိမ်ကာ ဆင်ခြင်ပေးကြစေချင်ကြောင်း၊ တော်လှန်ရေးတိုက်ပွဲအတွင်းမှာ ရောက်ရှိနေသည်ကို မမေ့မလျော့မှ ကျွန်တော်တို့အနေဖြင့် တိုက်ပွဲအရှိန် မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ မလိုအပ်ဘဲ အပြင်မထွက်ခြင်းဖြင့် တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ပူးပေါင်းပေးကြပါရန် People’s Defence Force – South Monywa မေတ္တာရပ်ခံခဲ့သည်။
မိဘပြည်သူများ၏ သား၊သမီးအရွယ်များ တူ၊ တူမအရွယ်များသည် တောထဲ တောင်ထဲမှာ၊ နွေနေပူပူထဲ မိုးသည်းညတွေထဲမှာ ပင်ပန်းဆင်းရဲကြီးစွာဖြင့် နိုင်ငံအတွက် အသက်စွန့်တာဝန်ထမ်းဆောင်နေကြသည့် အချိန်မှာ မိမိတို့ဘက်မှ စိတ်ဆန္ဒကိုထိန်းချုပ်ပြီး မလိုအပ်ဘဲ အပြင်မထွက်ခြင်းဖြင့် တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ပူးပေါင်းပေးကြစေလိုကြောင်း၊လက်တလောအချိန်သည် စစ်သားရဲသားများမှ ကျွန်တော်တို့၏ အားနည်းချက်ဖြစ်သော ပြည်သူကိုမထိခိုက်ရေးမူဝါဒကို လက်နက်သဖွယ်အသုံးချ၍ အရပ်ဝတ်များဖြင့် လှည့်လည်နေကြသည်ကိုလည်း မိဘပြည်သူများအသိမျက်မြင် ဖြစ်ကြောင်း၊ မိဘပြည်သူများ ယခုကဲ့သို့ အိမ်အပြင်ထွက်၍ လူစုလူဝေးပြုလုပ်ပျော်ရွှင်သွားလာနေကြပါက ကျွန်တော်တို့ တော်လှန်ရေးရဲဘော်များ အလုပ်ဆက်လုပ်၍မရတော့သလို ကျွန်တော်တို့ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရပြီဖြစ်ကြောင်း လက်ရှိအခြေအနေနှင့်ပတ်သက်၍ People’s Defence Force – South Monywaက ရှင်းပြသည်။
စစ်သား ရဲသားများ အရပ်ဝတ်ဖြင့်လှည့်လည်နေရာ ထောင်ထားသောမိုင်းများအနီး ပြည်သူများရှိသဖြင့် မခွဲခဲ့ရသောအချိန်များ၊ စစ်ခွေး၊ ရဲခွေးကားတန်းအလာကို ကြိုစောင့်နေကြပါသော်လည်း ပြည်သူ့ကုန်ကားများ ပြည်သူ့မော်တော်ယာဉ်များ ကပ်လိုက်လာသဖြင့် မခွဲခဲ့ရသောအချိန်များ၊အရပ်ဝတ်ဖြင့်လာသဖြင့် ပြည်သူထင်၍ အဖမ်းခံခဲ့ရသော ရဲဘော်များ များသထက် များလာသည်ဟုလည်း People’s Defence Force – South Monywaက ရှင်းပြသည်။

Public Service Announcement
အတွေ့အကြုံ ဉာဏ်ပညာ သာလွန်ကြီးမားသော မိဘပြည်သူများအနေဖြင့် ကျွန်တော်တို့ကို သွန်သင်ဆုံးမ လမ်းပြပေးနိုင်ကြသလို၊ပညာရှိ သတိဖြစ်ခဲဆိုသောစကားကဲ့သို့ ယခုအချိန်ဟာ တော်လှန်ရေးတိုက်ပွဲအတွင်းဆိုတာကို မမေ့မလျော့ သတိကပ်၍ ဆန္ဒကို အသိ သတိနှင့်ချိုးနှိမ်ကာ ဆင်ခြင်ပေးကြစေလိုကြောင်း၊ပြောမှား ဆိုမှား လုပ်ရပ်မှားများရှိပါကတောင်းပန်အပ်ပါကြောင်းနှင့် ခွင့်လွှတ်နားလည်ပေးကြရန် People’s Defence Force – South Monywaက ပြည်သူလူထုအား တောင်းပန်ခဲ့သည်။
ယနေ့ (အောက်တိုဘာလ ၂၂ ရက်) ညနေ ၄:၄၀ အချိန်ကလည်း People’s Defence Force – South Monywa နှင့် Monywa Heroes Group တို့ ပူးပေါင်း၍ မုံရွာ ကန်သာယာ We Love Monywa အနီးတွင် သတိပေးဖေါက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ပြီး ယခု ဖေါက်ခွဲမှုကိုလည်း ပြည်သူများ လုံးဝ မထိခိုက်စေရန် စနစ်တကျ ပြင်ဆင်၍ ကြိုးစားခဲ့ရခြင်း ဖြစ်ကြောင်း People’s Defence Force – South Monywaက အသိပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို ၊ ခင်ဦး ၊ရေဦး ၊ တန့်ဆည် ၊ မုံရွာ ၊ဒီပဲယင်း ၊ စိုင်ပြင် ၊ ဘုတလင် ၊ချောင်းဦး ၊မြင်းမူ ၊ကန့်ဘလူ၊ ကျွန်းလှ၊ ဇီးကုန်း ၊ ကာဘိုး အစရှိသည်မြို့နယ်များ အတွင်းရှိ ကုန်ကားများ ၊ ခရီးသွားကားများ ၊ ဆိုင်ကယ်များ ၎င်းတို့ရောက်ရှိနေသောနေရာတွင်သာ ရပ်နားပေးပါရန်နှင့် ပြည်သူများအနေဖြင့်လည်း လမ်းပေါ်သို့ လုံးဝမတက်ပါရန် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ကိုယ်စား Black Eagle Defence Force – MMU မှ ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက်ပိုင်းက
သတိပေး ထုတ်ပြန်ထားသည်။


















































