ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်နေသည့် မြန်မာနိုင်ငံသားများ နေ့စဥ်ရက်ဆက်ဖမ်းဆီးခံနေရပြီး ငါးရက်အတွင်း မြန်မာနိုင်ငံသား ၅၀၀ကျော်ဖမ်းဆီးခံရသည်။
ယနေ့(အောက်တိုဘာ၃၁ရက်)တွင် တာ့ချ်ခရိုင်အတွင်းသို့ တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၆၈ဦးမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ၃၀ရက်က နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၄၈ဦးမှာ ကန်ချန်နဘူရီနှင့် ပါကျွတ်စီရီခမ်ခရိုင်တို့တွင် ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်၍ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ပွဲစားခအဖြစ်တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ပေးရပြီး မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်မြို့နယ်တို့မှ ဝင်ရောက်လာသူများဖြစ် ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

Public Service Announcement

လက်ရှိဖြစ်ပွားနေသော ကိုဗစ်ရောဂါ စည်းမျဥ်းများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းအစိုးရက မြန်မာနယ်စပ်တစ်လျှောက်ကို လုံခြုံရေးများ တင်းကြပ်ထားပြီး တရားမဝင် လာရောက်သူများကို စောင့်ကြည့် ဖမ်းဆီးနေခြင်း ဖြစ်သည်။
ယမန်နေ့ကလည်း တာ့ချ်ခရိုင်အတွင်း တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၀ဦးမှာ မဲ့လမယ်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။
အောက်တိုဘာ ၂၇ရက်ကလည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀ဦး တင်ဆောင်လာသည့် ကားကို ထိုင်းအာဏာပိုင်များက စစ်ဆေးရာ ရနောင်း-ချွန်ဖော်လမ်းမကြီးတွင် ဖမ်းဆီးခံခဲ့ရသည်။
အောက်တိုဘာ ၂၅ရက်ကလည်း ကန်ချန်နဘူရီခရိုင်သို့ တရားမဝင်ဝင်ရောက်လာသည့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၆၀ဦးမှာ ဆိုင်ယို့မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။


















































