အာဏာသိမ်းစစ်ခေါင်းဆောင်မန္တလေးလာစဥ်အခမ်းအနားတက်ခဲ့ပြီး ၊ပြည်သူအချို့ကအတိုင်ခံရသည့် Non-CDM ဆရာမအိမ် ဗုံးပစ်သတိ့ပေးစဥ် ထိုအိမ်တွင် အတူနေ နိုင်ငံရေးသမားဟောင်းပါ ရှိနေ၍ ဗုံးပစ်ခဲ့မိခြင်းအတွက် ပြုလုပ်ခဲ့သူ Dragon Rangers Mandalay—DRMက တောင်းပန်ခဲ့သည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၁လမ်းနှင့် ၇၂လမ်းကြား၊ ၃၆လမ်းနှင့် ၃၇ လမ်းကြား၊ အောင်ချမ်းအေးရပ်ကွက်မှ Non-CDM ဆရာမဖြစ်သူ ဒေါ်သင်းသင်းရီ၏ နေအိမ်အား ယမန်နေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းက Dragon Rangers Mandalay—DRMမှ ဗုံးဖောက်ခွဲသတိပေးခဲ့သည်။
အဆိုပါဆရာမသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးသို့လာစဥ် အခမ်းအနားတစ်ခု၌ ပွဲတက်ကာ နူတ်ဆက်ခဲ့သည့် Non-CDM ဆရာမတစ်ဦးဖြစ်သည်။ ဆရာမဒေါ်သင်းသင်းရီသည် ဆရာဆရာမများဒုက္ခပေးနေသည်ဟုဆိုပြီး ရပ်ကွက်နေ ပြည်သူအချို့ကလည်း တိုင်ကြားမှုများရှိလာသည့်အတွက် မန္တလေးပျောက်ကြားအဖွဲ့မှ ၎င်းဆရာမနေအိမ်ကို ဗုံးဖောက်ခွဲကာသတိပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ထိုဆရာမသည် ကနဦး CDM လုပ်ခဲ့ပြီး ၊အမဖြစ်သူနာမကျန်းသဖြင့်တိမ်းရှောင်ရန်အဆင်မပြေ၍ Non-CDM ပြန်လုပ်ခဲ့သူဖြစ်ကြောင်းပြောသူအချို့လည်းရှိသည်။
သို့သော် ဆရာမဒေါ်သင်းသင်းရီနှင့်တစ်အိမ်တည်းတွင်အတူနေထိုင်သူ ၎င်း၏အစ်မဖြစ်သူ ဒေါ်ခင်မာမှာ ၈၈၈၈လုံး အရေးတော်ပုံပါတီကို ဦးဆောင်ရာတွင်ပါဝင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ UG ၄၈၂၈ ၏ ခေါင်းဆောင် ဦးကျော်မြခေါ် ဦးဝေလင်း၏ ဇနီးဖြစ်ပြီး ဒေါ်ခင်မာသည်လည်း နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်ကြောင်း နိုင်ငံရေးလှုပ်ရှားသူများက ထောက်ပြခဲ့ကြသည်။

Public Service Announcement
“ဒေါ်ခင်မာဆိုတာကလည်း တော်လှန်ရေးသမားတဦးရဲ့ သာမန် ဇနီးဆိုတာထက်အများကြီးပိုပါတယ်။ သူကိုယ်တိုင်က တော်လှန်ရေးသမားတယောက်။ သူကိုယ်တိုင်ဟာ ထက်မြက်တဲ့ နိုင်ငံရေးသမားတယောက်၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူ တယောက်၊ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ပါ။ သူ့ရဲ့သားလေးကို အကျဉ်းထောင်ထဲမှာ မွေးခဲ့ရသူပါ။”ဟု စာရေးဆရာထွန်းနောင်က ရေးသားသည်။
ထို့ကြောင့် Dragon Rangers Mandalay—DRM အဖွဲ့က ၎င်းတို့၏ တော်လှန်ရေးလုပ်ငန်း ချွတ်ချော်ခဲ့မှုအပေါ် သိသိချင်း ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်သည်။
Dragon Rangers Mandalay—DRM အဖွဲ့သည် ရပ်ကွက်နေ့ ပြည်သူအချို့၏ ဒေါ်သင်းသင်းရီအပေါ် တိုင်ကြားမှုကြောင့် ဒေါ်သင်းသင်းရီ နှင့်အတူ အဘွား ဒေါ်ခင်မာ(ခ) အမေမာ နေအိမ်အား လက်လုပ်ဗုံး နဲ့ အသိပေးခဲ့မိကြောင်း၊ထို့ကြောင့် နိုင်ငံအပေါ် မေတ္တာအပြည့်နှင့် ပေးဆပ်ထားသော အဘွား ဒေါ်ခင်မာ(ခ)အမေမာ အား လက်အုပ်ချီ အနူးအညွှတ် ရှိခိုးတောင်းပန် အပ်ကြောင်း တောင်းပန်စာထုတ်ပြန်ခဲ့သည်။ကိုယ်တိုင်ပစ်ခဲ့မိသော ရဲဘော်မှ အမေမာသို့ ရင်တွင်းစကားကိုလည်း ယခုလိုရေးသားထားသည်။
‘ အမေမာ သားလို နိုင်ငံရေး မပြည့်ဝသေးတဲ့ ရဲဘော်လေးမှ ရှိခိုးကန်တော့ တောင်းပန်ပါတယ် ၊ သားရှေ့မှာ သား သူငယ်ချင်း တွေ သေနတ်မှန် သေဆုံးခဲ့တယ် ၊ အခုထိ ထောင်ထဲမှာ သေလား ရှင်လား မသိ နေနေရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် သား စစ်အာဏာရှင် နဲ့ ဒလန် တွေကို မုန်းတီး ပြီး သားအသက်ပါ မငဲ့ပဲ သား ရတဲ့ဘက်ကနေ တော်လှန် နေခဲ့ပါတယ်၊ဒါပေမဲ့ သား အမေမာလို နိုင်ငံ အတွက် ပေးဆပ်ထားခဲ့တဲ့ သူတစ်ယောက်အပေါ်မှာ အခုလို အမှားမျိုး ကျူးလွန်မိခဲ့သည့်အတွက် သား အနူးအညွှတ်တောင်းပန်ပါတယ် ၊ အမေမာသာ တစ်ခုခုဖြစ်ခဲ့ရင် သားဘဝတစ်လျှောက်လုံး အမှားတစ်ခုရဲ့ နောင်တတွေနဲ့ သေဆုံးသွားရမှာပါ။အမေမာ ကျန်းမာပါစေ”ဟု ရေးသားခဲ့သည်။
ထိုသို့တောင်းပန်မှုအပေါ် အမှားသိ့၍ ပြန်တောင်းပန်သောလုပ်ရပ်မှာကောင်းမွန်ကြောင်း၊နောင်တွင် သေချာစုံစမ်းစီစစ်ပြီးမှပြုလုပ်သင့်ကြောင်း မှတ်ချက်ပြုလုပ်ကြသူများရှိသည်။ထိုအပြင် ရပ်ကွက်နေပြည်သူအချို့ကတိုင်ကြားရုံဖြင့်ယုံကြည်၍ထိုသို့ပြုလုပ်ခြင်းမှာလုံးဝမဖြစ်သင့်ဘဲ၊သတင်းကိုသေချာစိစစ်သင့်ကြောင်းဝေဖန်ထောက်ပြသူများလည်းရှိသည်။


















































