ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုများပြား ရခြင်းမှာ စစ်ကောင်စီစစ်ကြောင်းများ နယ်မြေမကျွမ်းကျင်ခြင်းနှင့် တိုက်ရည်ခိုက်ရည်ရှိသည့် စစ်သားနည်းပါးခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲများ လစဉ် ရာနှင့်ချီဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားနေသည်။
ဒေသတွင်းသို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များနယ်မြေ ကျွမ်းကျင်မှု မရှိသည့် အခြေအနေတွင် နယ်မြေ ကျွမ်းကျင်သည့် KNU တပ်ဖွဲ့ဝင်များက စစ်ကောင်စီစစ်ကြောင်းများကို နေရာကောင်းကောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းက တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြီး KNU တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု နည်းပါးရခြင်း အကြောင်းအရင်းဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
“သူတို့မှာ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တဲ့ စစ်သားအဟောင်းတွေက သိပ်တောင်မရှိတော့ဘူးထင်တယ်။ နောက်လာတဲ့ စစ်သားက တပ်သားအသစ်တွေများတယ်လို့ ယူဆရတာပေါ့နော်။ သူတို့က တိုက်ပွဲမှာလည်း ကျွမ်းကျင်မှုသိပ်မရှိသေးဘူး။ ထိတွေ့မှု သိပ်နည်းသေးတဲ့ တပ်ဖွဲ့တွေဖြစ်မယ်လို့တော့ ယူဆတာပေါ့နော်” ၎င်းက ဆိုသည်။

Public Service Announcement
စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု မရပ်တန့်ပါက တိုက်ပွဲဆက်ဖြစ်နေမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က အပစ်ရပ်စဲရေး ကြေညာထားသော်လည်း လက်တွေ့မြေပြင်၌ တပ်လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
“နယ်မြေစိုးမိုးရေး အတွက်ဆိုပြီးတော့ သူတို့က အမြဲ တမ်း လှုပ်ရှားနေတဲ့အပေါ်မှာ ထိတွေ့ပစ်ခတ်မှုတွေက နေ့စဉ် ရက်ဆက်ဖြစ်တာပေါ့နော်”ဟု ၎င်းက ဆိုသည်။
KNU တပ်မဟာ ခုနှစ်ခုရှိသည့်အနက် တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ (၄)၊ တပ်မဟာ(၆)နယ်မြေများ၌လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာအတွင်းက KNU တပ်မဟာနယ်မြေများ၌ တိုက်ပွဲ ၂၇၀ ကျော်ဖြစ်ခဲ့ရာ စစကောင်စီတပ်မှ ၂၇၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူများလည်း များပြားခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ယင်းအနက် တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲ ၂၀၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကေင်စီတပ်မှ ၉၀ကျော်သေဆုံးပြီး ၉၀ကျော် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။


















































