အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားသည့် PDFကလေးမှဆေးတပ်ဖွဲ့ဝင်အမျိုးသမီးငယ်များကို ကယ်ထုတ်နိုင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သည့်ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်သား အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ပြီး PDFဖက်က တစ်ဦး ဒဏ်ရာရခဲ့ကြောင်း PDFကလေး ကသတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီက PDF (Kalay) တပ်ရင်း (၃ )၏ medical team တပ်ဖွဲ့ဝင်အမျိုးသမီးငယ် ကိုးဦးနှင့် အမျိုးသားနှစ်ဦးကို နိုဝင်ဘာ ၁၆ရက်နံနက်က ဖမ်းဆီးသွားရာ PDF (Kalay) ၊CNDFနှင့်Zomi PDF တို့က စစ်ကောင်စီကို နှစ်ရက်ဆက် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

” ယမန်နေ့ကတည်းက လူသက်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ သိမ်းပိုက်နေရာယူထားသည့် PDF (Kalay) တပ်ရင်း ၃ တပ်ခွဲတစ်ခု၏ စခန်းငယ်ကုန်းကို ယနေ့နံနက် ၈ နာရီ ဝန်းကျင်မှစတင်၍ ညနေပိုင်းအထိ PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းညှပ်ပိတ်ဆို့၍ တနေ့ကုန် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် စစ်ကူဖြည့်ရန် နဂါးပွက်ဘက်မှ စစ်ကြောင်းများခွဲ၍ တက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို PDF (Kalay) တပ်ဖွဲ့များက တစ်နေ့တာလုံး ရွေ့လျား ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါသည်”ဟု သတင်းထုတ်ပြန်သည်။
ကလေးမြို့နယ် အနောက်တောင်ဘက်တစ်ကြော၌ တစ်နေ့တာလုံးပြင်းထန်ခဲ့သည့်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်သား အနည်းဆုံး ၁၇ ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၁ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ ထို့အပြင် မွန်းလွှဲ ၂ နာရီခန့်တွင် ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ တာဟန်းရပ်ကွက်၊ နေကြာတိုက်အနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်များကို PDF (Kalay) နှင့် Zomi PDF တပ်ဖွဲ့များပူးပေါင်း၍ ရုတ်တရက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိသွားကြောင်းလည်းပါရှိသည်။နိုဝင်ဘာ ၁၆ ရက်တွင်လည်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီး နှစ်ရက်ဆက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ဖမ်းဆီးခံထားရသော PDF တပ်ဖွဲ့ဝင်များသည်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လက်ဝယ်တွင် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး သိမ်းပိုက်ထားသော စခန်းနေရာပတ်လည်ကို PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် ထိုနေရာမှ ထွက်ခွာ သွားနိုင်ခြင်းမရှိသေးဟုလည်း မြေပြင်အခြေအနေကို ရှင်းပြထားသည်။
သို့သော်ဖမ်းဆီးခံထားရသူများ၏ နောက်ဆုံးအခြေအနေကို သိရှိနိုင်ခြင်းမရှိသေးကြောင်း PDF Kalay က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံထားရသော ဆေးတပ်ဖွဲ့ဝင်ဘအမျိုးသမီး ၉ ဦးတို့၏ အသက်အန္တရာယ်ကို စိတ်ပူနေရကြောင်း မြို့ခံများကပြောသည်။
PDF (Kalay) တပ်ရင်း (၃ )၏ medical team တပ်ဖွဲ့ဝင်အမျိုးသမီးငယ် ကိုးဦးသည် အသက် ၂၀ ဝန်းကျင်လူငယ်များဖြစ်သည်။ယနေ့ ထိုအမျိုးသမီးငယ်များဖမ်းဆီးခံထားရသော ပုံဖေစ်ဘွခ် လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံနေပြီး ၊ပြည်သူများက မိန်းကလေးငယ်များ၏ သတ္တိနှင့်စွန့်လွတ် စွန့်စားမှုကို ချီးကျူးကြကာ အသက်အန္တရာယ်မကျရောက်ဘဲ အမြန်ပြန်လွတ်ရန် ဆုတောင်းနေကြသည်။


















































