အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်သူများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးပြုလုပ်နေခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ပြီး ၎င်းတို့နှင့်သာလာတိုက်ရန် ဝက်လက်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-ဝက်လက်)တပ်ဖွဲ့ဝင်များကပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဝက်လက်မြို့ နယ် တိုက်ပွဲများ၌ အထိနာ ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်စခန်းများကို သာလွန်အင်အားဖြင့် တောနင်းရှာဖွေမှုများကို ဇန်နဝါရီ ၉ ရက်က စတင် ပြုလုပ်နေသည့်အပြင် ဒေသခံပြည်သူများကို ညှင်းပန်းနှိပ်စက်ကာ လူသားဒိုင်းအဖြစ်အသုံးပြုနေသည်ဟု PDFဝက်လက်အဖွဲ့ဝင်များကပြောသည်။ ထိုကြောင့် မဆိုင်သောပြည်သူများကို လူသားဒိုင်းမလုပ်ဘဲ ၎င်းတို့နှင့်လာတိုက်ရန် ဝက်လက် PDF -တပ်ရင်း ၂ ကလည်း ယမတ်နေ့ကထုတ်ပြန်ခဲ့သည်။

“မနေ့က စစ်ခွေးတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့ အင်အား ၁၄၀ လောက်ပါတယ်။ရွာနှစ်ရွာကို ဝင်တယ်။ ကျွန်တော် အပါအဝင် ပြည်သူ့တပ်ဖွဲ့ ခေါင်းဆောင် တွေရဲ့ ဓာတ်ပုံ သုံးပုံ ကို ပြတယ်။သိသလားဆိုပြီး ရွာသူ၊ရွာသားတွေကို မေးမြန်းနှိပ်စက် ခဲ့ကြတယ်”ဟု ဝက်လက်မြို့ဖောင်းဒိုင်းအဖွဲ့မှ ဗိုလ်နဂါးက People’s Springသို့ ယနေ့(ဇန်နဝါရီ ၁၀ တွင်)ပြောသည်။
ဇန်နဝါရီ ၉ ရက်က ဝက်လက်မြို့နယ်ရှိ ရေဖြူကျေးရွာနှင့် သစ်ဆိမ့်ကျေးရွာမှ ဒေသခံ ပြည်သူ ၁၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ည ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

Public Service Announcement
“ကျွန်တော်တို့ သစ်ဆိမ့် ချည်းပဲက ရွာသညးတစ်ရာကျော် ဖမ်းခံရတာ။ဘုန်းကြီးကျောင်းမှာ ပုန်းနေတဲ့ ကျွန်တော်တို့ပါမချန်ဘူး။အကုန်ဖမ်းပြီး သူတို့ တောနင်းတဲ့တောက်လျှောက်လိုက်ရတာ။ပြီးတော့ ဓာတ်ပုံသုံးပုံပြတယ်။ဘယ်မှာနေတာလဲနဲ့ ။ဘယ်သူတွေနဲ့ ဆက်စပ်တယ်ဆိုတာ ပါ မေးတယ်။ကျွန်တော်တို့လည်း သိမှ မသိတာ။မသိလို့ဆိုပြီး ကန်ခံရတဲ့သူတွေရှိတယ်။အထိုးခံရတာတွေရှိတယ်”ဟု ဖမ်းဆီးခံခဲ့ရသောပြည်သူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်၏ ဝက်လက်မြို့နယ်အတွင်း လှုပ်ရှားနေမှုများကြောင့် ရွှေဘို – မန္တလေး လမ်းမကြီး၊ ရွှေဘို – အရာတော် – မုံရွာ ဖြတ်လမ်းနှင့်ရွာသာကြီး – ဝက်လက် လမ်း များကို ည ၉ နာရီ မှ နံနက် ၄ နာရီအတွင်း ပြည်သူများသွားလာခြင်းမပြုရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက အရေးပေါ် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက် ကစ၍ ဇန်နဝါရီ ၂ ရက်အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်များ မြေပြင် တိုက်ပွဲ ဖြစ်ခဲ့ကာ စစ်တပ်မှ ၄၀ ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ကအထိ့နာသဖြင့် ရဟတ်ယာဥ်များပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။


















































