Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟွန်ဆန့်ခရီးစဥ် ဘယ်သူတွေဝေဖန်ပြီး ဘယ်သူတွေထောက်ခံကြသလဲ

ဟွန်ဆန်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီးနောက် မှာပဲ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးတာမျိုး မလုပ်ဘဲ နေပြည်တော်ကိုသွားပြီး ပစ်ပယ်ခံထားရတဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းဖို့ ကြိုးပမ်းတဲ့ ဟွန်ဆန်ရဲ့ လုပ်ရပ်ကြောင့် အရှေ့တောင်အာရှ အဖွဲ့ကြီး အာဆီယံ ထဲမှာ သဘောထားကွဲလွဲမှုတွေထွက်လာပါတယ်။

ဟွန်ဆန်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီးနောက် မှာပဲ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးတာမျိုး မလုပ်ဘဲ နေပြည်တော်ကိုသွားပြီး ပစ်ပယ်ခံထားရတဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဟွန်ဆန်နေပြည်တော်ကို ခြေမချခင်မှာပဲ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲ အင်အားကြီး အင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေးမှာ မူလ ရပ်တည်ချက်အတိုင်း မမှိတ်မသုန်ရှိနေမယ်လို့ သမ္မတ ဂျိုးကိုဝီက တွစ်တာကနေ ကြိုတင်သတင်းစကားပါးခဲ့ပါသေးတယ်။

ဒါပေမယ့် ဟွန်ဆန်ကတော့ အဖွဲ့ဝင်နိုင်ငံတွေ ဆုံးဖြတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို စစ်ခေါင်းဆောင်တွေ အကောင်အထည်ဖော်မှုမရှိမချင်း အာဆီယံ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြု ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုအလေးမထားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီအဖွဲ့အနေနဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်ခွင့်ရှိတယ်လို့ ဟွန်ဆန်ကထုတ်ပြောခဲ့သလို ကမ္ဘောဒီးယားမှာ ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်ဖို့ကိုတောင် စစ်ကောင်စီကို တပါတည်း ဖိတ်စာကမ်းခဲ့ပါသေးတယ်။

ဒီလုပ်ရပ်ဟာ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေထဲ တင်းတင်းမာမာရှိတဲ့ မလေးရှား၊အင်ဒိုနီးရှားလိုနိုင်ငံတွေအတွက်တော့ စိတ်ပျက်စရာပဲ။

ဒါကြောင့် ဟွန်ဆန် စီစဉ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဟာ အဖွဲ့ဝင်နိုင်ငံတွေကြားသဘောထား မတူညီမှုတွေရှိလာတာကြောင့် အထမမြောက်တော့ဘဲ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ရတဲ့အခြေအနေဖြစ်လာပါတယ်။

◉ မလေးရှားနဲ့ အင်ဒိုနီးရှားရဲ့သဘောထား

အာဆီယံ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်တဲ့ စစ်ကောင်စီအပေါ် အဖွဲ့ဝင်နိုင်ငံတွေထဲ သဘောထားအတင်းမာဆုံးကတော့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဖြစ်ပါတယ်။

နှစ်နိုင်ငံလုံးက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုစစ်ကောင်စီအကောင်အထည်မဖော်မချင်း အာဆီယံအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေကို တက်ခွင့်မပြုဖို့ သဘေထားရှိနေတာပါ။

ဒါပေမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အဆင့်အစည်းအဝေးကိုစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ဖို့ ဟွန်ဆန်ကဖိတ်လိုက်တဲ့အခါ မလေးရှားနဲ့အင်ဒိုနီးရှားအတွက် စိတ်ပျက်စရာဖြစ်လာတာပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆိုရင် ဟွန်ဆန်ရဲ့ နေပြည်တော်ခရီးစဉ်ကိုဝေဖန်ထောက်ပြခဲ့ပါတယ်။

ဟွန်ဆန်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခေါင်းဆောင်အနေနဲ့ စစ်ကောင်စီ နဲ့သွားတွေ့လို့ရပေမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မှတ်ယူပြီး သွားမယ်ဆိုရင်တော့ ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဟွန်ဆန်ရဲ့ နေပြည်တော်ခရီးစဉ်ဟာ မြန်မာ့အရေးကိုဖြေရှင်းနိုင်ဖို့အတွက် တိုးတက် အောင်မြင်မှု မရှိဘူးလို့ ပြောင်ဝေဖန်ပါတယ်။

အင်ဒိုနီးရှားကတော့ ဟွန်ဆန်ရဲ့ခရီးစဉ်မတိုင်ခင်ကတည်းက အာဆီယံ ဘုံသဘောတူညီချက်အတိုင်းရပ်တည်မယ်လို့ သတင်းစကားကြိုပါးခဲ့သလို ခရီးစဉ်အပြီးမှာလည်း အဖွဲ့ကြီးရဲ့ သဘောထားကို အလေးထားဖို့ ထပ်လောင်းအသိပေးခဲ့တာရှိပါတယ်။

◉ ဖနွမ်းပင် နဲ့ သဘောထားတူသူများ

ဟွန်ဆန်ရဲ့နေပြည်တော်ခရီးစဉ်ကို ထောက်ခံတယ်လို့ လူသိရှင်ကြားပြောတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ စင်ကာပူနဲ့ လာအိုနိုင်ငံဖြစ်ပါတယ်။

လာအို ဝန်ကြီးချုပ်ဟာ မြန်မာ့အရေးကိုဖြေရှင်းဖို့ နည်းလမ်းရှာဖွေတဲ့ဟွန်ဆန်ရဲ့ အားထုတ်မှုကို အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း ဖနွမ်းပင်ကို ဖုန်းဆက်ပြီးတော့ စစ်ကောင်စီဝန်ကြီးတက်မှာဖြစ်တဲ့အတွက် ရွှေ့ဆိုင်းလိုက်ရတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မကြာခင် ပြန်ကျင်းပနိုင်ဖို့ ဆွေးနွေးပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ဖို့ ကမ္ဘောဒီးယားရဲ့ဆောင်ရွက်ချက်ကို ထောက်ခံကြောင်း စင်ကာပူက စကားပါးလိုက်ပါသေးတယ်။

ထိုင်းနဲ့ ဗီယက်နမ်ဟာကတော့ ဟွန်ဆန်ရဲ့ခရီးစဉ်ကို ကန့်ကွက်တဲ့သဘောထားပြောဆိုတာမတွေ့ရပါဘူး။

◉ တရုတ်၊ ဂျပန်နဲ့ ဟွန်ဆန်

တရုတ်ဟာ မြန်မာနည်းတူ ကမ္ဘောဒီးယားမှာလည်း အကျိုးစီးပွားအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို မရှုတ်ချတဲ့ တရုတ်ဟာ မြန်မာ့အရေးမှာ အာဆီယံရဲ့ ကြားဝင်ဖြေရှင်းမှုကိုထောက်ခံတယ်လို့ဆိုထားပါတယ်။

ဟွန်ဆန်အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ မြန်မာ့အရေးကို အပြုသဘောဆောင်တဲ့အခန်းကဏ္ဍ ကနေ ပါဝင်တဲ့ ကမ္ဘောဒီးယားကို အင်တိုက်အားတိုက်ထောက်ခံအားပေးတယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောလာပါတယ်။

ဒါ့အပြင် ဟွန်ဆန်ခန့်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ဖို့လမ်းဖွင့်ပေးတဲ့ စစ်ကောင်စီကိုလည်း ချီးကျုးထားပါသေးတယ်။

တရုတ်နည်းတူ မြန်မာနိုင်ငံမှာ စီပွားရေးရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ဂျပန်က လည်း ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ တိုးတက်မှုရှိတယ်လို့ ဖုန်းဆက်ချီးမွမ်းပါတယ်။

ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေအတွက် အကျိုးရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖနွမ်းပင်ကိုဖုန်းဆက်ရာမှာပြောခဲ့တာပါ။

ဒါဟာ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ မြုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေမထိခိုက်ဖို့နဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့စစ်ကောင်စီနဲ့ ဆက်ဆံရေးဖြတ်တောက်လိုပုံမပေါ် တာကိုတွေ့ရတယ်လို့ဝေဖန်သူတွေက သုံးသပ်နေကြပါတယ်။

တရုတ်နဲ့ ဂျပန်က ဟွန်ဆန် ရဲ့ ဆောင်ရွက်ချက်တွေကို ရှေ့ဆင့်နောက်ဆင့် ထောက်ခံအားပေးနေချိန်မှာ အာဆီယံအပေါ် သြဇာရှိတဲ့အမေရိကန်က တစ်စုံတစ်ရာ ထွက်ပြောတာမျိုးမရှိသေးပါဘူး။

ဒါပေမယ့် ကုလဘက်ကတော့ ဟွန်ဆန် နေပြည်တော်က ပြန်အရောက်မှာ ဆက်သွယ်ပြောဆိုတာတွေရှိခဲ့ပါတယ်။

မြန်မာ့အရေးကိုဖြေရှင်းရာမှာ စစ်ကောင်စီတင်မကဘဲ ပါဝင်ပတ်သက်သူအားလုံးနဲ့တွေ့ဆုံကာ သူတို့ရဲ့စကားသံတွေကို နားထောင်ဖို့ ဟွန်ဆန်ကို ကုလ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက တိုက်တွန်းခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီလေတပ်ဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကျင်းပမယ့် အဲဒီညီလာခံကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းကဆိုပါတယ်။

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို အင်အားသုံး ဖြုတ်ချပြီး အာဏာသိမ်းလိုက် ကတည်းက မြန်မာ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်မှုတွေကို ရင်ဆိုင်နေရပါတယ်။