စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ်းမကားရဲစခန်းတွင် ဖမ်းဆီးခံထားရသော CDM ကျောင်းဆရာတစ်ဦးအပါအဝင် အမျိုးသားသုံးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဇန်နဝါရီ၁ဝရက်ဝန်းကျင်က မင်းကိုနိုင်၊ နှင်းဦးမောင်နှင့် နေလွင်လွင်ဆိုသည့် အမျိုးသားသုံး ဦးကို ရှိမ်းမကားရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဇန်နဝါရီ၁၂ ရက်တွင် အကြမ်းဖက်စစ်တပ်သည် အဆိုပါ အမျိုးသားသုံးဦးအား ဝက်လက်မြို့ပေါ်သို့ ခေါ်ဆောင်သွားမည်ဟုဆိုကာ ရှိမ်းမကားရဲစခန်းမှ ထွက်ခွာသွားခဲ့ပြီးနောက် တလိုင်းရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
သတ်ဖြတ်ခံရသူ သုံးဦးသည်PDFများ မဟုတ်ဘဲအကြမ်းဖက်စစ်တပ်က ပစ်သက်ပြီးချိန်တွင် တူမီးသေနတ်များထည့် ဓါတ်ပုံရိုက်ကာ PDFများ ကျဆုံးသည်ဟု သတင်းအမှားထုတ်ပြန်ထားကြောင်းဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
“အသတ်ခံရတဲ့သုံးယောက်ထဲမှာ နှစ်ယောက်ကအသက် သုံးဆယ်ကျော်တွေ။ တစ်ယောက်ကတော့CDM ကျောင်းဆရာ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်။ အဖမ်းခံရပြီးမှအသက်ခံရတာ”ဟု ဝက်လက်နယ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ဒီဇင်ဘာလ ၃၁ ရက်နှင့်ဇန်နဝါရီ၁ ရက်များက ဝက်လက်မြို့နယ် ဘုရားလေးကုန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ဝက်လက် PDF တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သည်။
