Connect with us

Hi, what are you looking for?

News

ယုံကြည်မှုအပြည့်ဖြင့် စုပေါင်းခေါင်းဆောင်မှု အကောင်အထည်ဖော်မည်ဖြစ်၍ စစ်အာဏာရှင်အတွက်နေရာမရှိဟု NUCC ပြော

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)သည် တဖက်တွင် တော်လှန်ရေးတာဝန်များကိုထမ်းဆောင်ရင်း တဖက်တွင်လည်း ယခုထက် ပိုမိုကျယ်ပြန့်သည့်စုဖွဲ့မှုဖြစ်လာစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်။

ပြီးခဲ့သည့် (၁)နှစ်အတွင်း သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးတို့တွင်အသာရထားပြီး ပြည်သူအားလုံး ဆက်လက်ဝိုင်းဝန်းကြိုးပမ်းပါက လိုချင်သည့်ပန်းတိုင်ရောက်မည်ဟုဆို

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)သည် ယုံကြည်နားလည်မှုအပြည့်ဖြင့် စုပေါင်းခေါင်းဆောင်မှုကို လက်တွေ့ကျကျ ကျင့်သုံးအကောင်အထည်ဖော်သွားမည်ဖြစ်၍ စစ်အာဏာရှင်အတွက် နေရာမရှိကြောင်း NUCC ၏ ပထမအကြိမ် ပြည်သူ့ညီလာခံအပြီး၌ ပြည်သူလူထုကို သတင်းစကားပါးသည်။

NUCC ၏ ပထမအကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၂၇ရက် မှ ၂၉ ရက်အထိ သုံးရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံပါဝင်တက်ရောက်သူများက စစ်အုပ်စုကို မြန်မာနိုင်ငံရေးမှ ဖယ်ရှားရန် အပြင်း အထန်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ယနေ့(ဇန်နဝါရီ ၃၀ ရက်)ပြုလုပ်သော NUCC သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“စစ်ဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာပါ လို့ ပြည်သူလူထုကို သတင်းစကားပါးချင်ပါတယ်။ NUCC ကိုလည်း ယုံကြည်နားလည်မှုနဲ့ တသားတည်းရပ်တည်ထောက်ခံပေးကြဖို့လည်း ပြည်သူလူထုကို တိုက်တွန်းချင်ပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

NUCC သည် မြန်မာ့သမိုင်းတွင် တခါမှ မရှိဖူးသေးသည့် လက်တွေ့အရ တရားဝင်မှု(De Facto Legitimacy)နှင့် ရွေးကောက်ပွဲအရ တရားဝင်မှု(De Jure Legitimacy) နှစ်ခု၏ဆုံချက်ဖြစ်ပြီး လက်ရှိတွင် အစုအဖွဲ့ ၅ ခုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းပေါင်း ၃၃ ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးအရ အကျိုးရှိထားပြီးပြီ။ စစ်အုပ်စုကို ပြင်းပြင်းထန်ထန် လုပ်ထားပြီးသည့်နောက်မှာ ကျွန်တော်တို့လုပ်ဖို့တစ်ခုက အနာဂတ်ကို သွားတဲ့အခါမှာ ဘယ်လို ပုံစံနဲ့ သွားချင်တယ်။ ဘယ်လိုလုပ်မယ်ဆိုတာ ကျွန်တော်တို့ အုတ်မြစ်ချနေပါပြီ။ ဒါကို ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ ၃ ရက်တာ လုပ်တဲ့ ပြည်သူ့ညီလာခံကြီးက သက်သေပြတာပါ။ ရှေ့ သွားရမယ့်လုပ်ငန်းစဉ်လည်း ရှိနေပါပြီ။ ဒါကို အားလုံး ဝိုင်းလုပ်ရင် ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင် ရောက်မှာပါ” ဟု NUCC အဖွဲ့ဝင် ဦးမောင်မောင်က ပြောသည်။

စစ်အုပ်စု၏ တရားမဝင်၊ မအောင်မြင်သည့် အာဏာသိမ်းမှု (၁) နှစ်ပြည့်ခါနီးအချိန်အထိ စစ်အုပ် စုသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံတမန်ရေးမျက်နှာစာတွင် အကြီးအကျယ်ရှုံးနိမ့်နေပြီး စစ် ရေးအရလည်း လေကြောင်းနှင့် လက်နက်ကြီးများသုံးကာ အပြစ်မှုအရပ်သားသေဆုံးစေမှုကလွဲ၍ စစ်အုပ်စုအရေးနိမ့်နေကြောင်း NUCC အဖွဲ့ဝင်များက သုံးသပ်သည်။

နောက်တဆင့်အနေဖြင့် စီးပွားရေးအရ ပိတ်ဆို့မှုလုပ်ဆောင်ပါက အကြမ်းဖက်စစ်အုပ်စုခံ နိုင်မည်မဟုတ်ဘဲ စီးပွားရေးပိတ်ဆို့မှုကို ဝိုင်းဝန်းလုပ်ဆောင်ကြရန် NUCC အဖွဲ့ဝင်များက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)သည် တဖက်တွင် တော်လှန်ရေးတာဝန်များကိုထမ်းဆောင်ရင်း တဖက်တွင်လည်း ယခုထက် ပိုမိုကျယ်ပြန့်သည့်စုဖွဲ့မှုဖြစ်လာစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်။

“ဒီထက်ပိုမိုကျယ်ပြန့်တဲ့ စုစည်းမှု၊ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ စုပေါင်းခေါင်းဆောင်မှု ပုံသဏ္ဍန်မျိုးဖြစ်လာအောင်တော့ အစဉ်တစိုက် ဦးတည်ကြိုးပမ်းနေမှာဖြစ်ပါတယ်”ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

NUCC၏ ပထမအကြိမ် ပြည်သူ့ညီလာခံအပြီး အချက် ၁၀ ချက်ပါ ကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

ပထမအကြိမ်ပြည်သူ့ညီလာခံက ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း ၁ နှင့် ၂ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုခြင်း၊ NUGကို ထပ်လောင်း အတည်ပြုခြင်း စသည်တို့ကို ဆုံးဖြတ်ခဲ့သည်။

အဆိုပါညီလာခံသို့ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှုအဖွဲ့အစည်းများ၊ သပိတ်အင်အားစုများ၊ လူနည်းစုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်အခြေပြုနှင့် လူမျိုးအခြေပြုအဖွဲ့အစည်းများ၊ NUG အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း ၃၈၈ ဦး တက်ရောက်ခဲ့သည်။

NUCC ပြည်သူ့ညီလာခံကို ၆ လ တစ်ကြိမ် ခေါ်ယူရန် လျာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။