စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့်စစ်ရေးတင်းမာနေသော မင်းကင်းနှင့် ကောလင်းမြို့နယ်များတွင် ခရီးသွားပြည်သူများ၊ ကုန်တင်ယာဥ်နှင့် ရေယာဥ်များ ခရီးသွားရာတွင် လိုက်နာရမည့်အချက်များအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်အသိပေးပြီးလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။
ချင်းတွင်းမြစ်အတွင်း ရေလမ်းအားအသုံးပြု၍အစုန်၊အဆန် ခရီးသွား ရေယာဥ်များအနေဖြင့် မင်းကင်းမြို့နယ်၊သင်တောကျေးရွာနှင့် သံပေါက်ကျေးရွာအတွင်း ညအိပ်ရပ်နားခြင်းများနှင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်၍ လုံးဝမပြုလုပ်ကြရန် အနူးအညွတ်မေတ္တာရပ်ခံကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြစ်ရိုးအောက်ဒေသ(ပကဖ) တို့က ယနေ့ ထုတ်ပြန်အသိပေးသည်။

အလားတူ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင်လည်း လက်တလောစစ်ရေးအခြေအနေတင်းမာနေသဖြင့် ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးကားများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်၍ နံနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ ဖြတ်သန်းသွားလာကြရန်၊ သက်မှတ်ချိန်ကျော်လွန်၍ ဖြတ်သန်းသွားလာပါက သွားလာသူများ၏ လုံခြုံရေးကိုတာဝန်ယူမည်မဟုတ်ကြောင်း၊ ထုတ်ပြန်ချက်အားမလိုက်နာသူမည်သူ့ကိုမဆို အရေးယူသွားမည်ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ သတိပေးကြေညာသည်။
မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းတွင်းမြစ်နံဘေးကျေးရွာအမြောက်အများ မီးလောင်ကျွမ်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်။မင်းကင်းPDF က ဖေဖော်ဝါရီ ၁၁ တွင်ပျူစောထီးများ၏ ရက္ခာတင်လာသောရေယာဥ်ကိုဖမ်းဆီးပြီး ကျပ်သိန်း၁၅၀ ကျော်တန်ဖိုးရှိ ရက္ခာများကို မီးရှို့ခံရသောကျေးရွာများသို့ ဖြန့်ဝေပေးခဲ့သည်။
