အကြမ်းဖက်စစ်ကောင်စီဘက်လိုက်ခဲ့သည့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၏ ထုတ်ပြန်ချက်သည် ခရစ်ယာန်လုပ်ငန်း၏ ရပ်တည်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့် မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန်လုပ်ငန်းအပါအဝင် ကျောင်းသားကျောင်းသူများ၊ တာဝန်ခံများနှင့် တက္ကသိုလ်ခရစ်ယာန်မိတ်ဆွေများက ရှုံ့ချကန့်ကွက်ကြောင်း သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ ပြည်ထောင်စုနေ့အခမ်းအနားနှင့် ထာဝရငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲဟုဆိုသော အခမ်းအနားအား တက်ရောက်ပေးကြရန် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီက အာဏာသိမ်းစစ်ကောင်စီဘက်မှ ဖိတ်ကြားပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီက ထာဝရငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခြင်းဟုလည်း သုံးနှူန်းထားပြီး သက်ဆိုင်သည့်ခေါင်းဆောင်များအားလုံး ပါဝင်လုပ်ဆောင်ကြရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ်ပန်ကြားအပ်ပါသည်ဟု ရေးသားထားသည်။
မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန်လုပ်ငန်းကလည်း အဆိုပါကြေညာချက်နှင့်ပတ်သက်၍ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တုံ့ပြန်ခဲ့ရာ မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသား ခရစ်ယာန်လုပ်ငန်း (Myanmar Student Christian Movement)၊မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန်လုပ်ငန်း (University Christian Work-UCC) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ရပ်တည်ချက် ၃ ချက်နှင့်အတူ လက်ရှိပြည်သူလူထုတစ်ရပ်လုံး၏ တောင်းဆိုချက်များနှင့်စဥ်ဆက်မပြတ် ထပ်တူရပ်တည်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ-မခသက (Myanmar Council of Churches-) ၏ မေတ္တာရပ်ခံပန်ကြားခြင်းကိစ္စ ထုတ်ပြန်ခြင်းနှင့် စပ်လျဥ်း၍ ၎င်းသည်မခသက၏ ထုတ်ပြန်ချက်သာဖြစ်ပြီး မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန်လုပ်ငန်း၏ ရပ်တည်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့် ကျောင်းသားကျောင်းသူများ၊ တာဝန်ခံများနှင့် တက္ကသိုလ် ခရစ်ယာန်မိတ်ဆွေများက လုံးဝ(လုံးဝ) ရှူံ့ချကန့်ကွက်ကြောင်း ဖော်ပြထားသည်။
မခသက၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန်လုပ်ငန်း၏ ရပ်တည်ချက်များနှင့် သွေဖယ်နေသည့်အတွက် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်နေသည့်လုပ်ငန်းများအား အကန့်အသတ်မရှိရပ်နားထားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင်ရှိနေသော အသင်းတော်များ၊ ခရစ်ယာန်များကို ကိုယ်စားပြုသည်ဖြစ်၍ ဓမ္မဘက်မှရပ်တည်လျက် သမိုင်းပေးတာဝန်ကျေပွန်ပါရန် တိုက်တွန်းအပ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မခသက သည်အကြမ်းဖက်စစ်ကောင်စီအလိုကျ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နေပြည်တော်သို့ဖိတ်ကြားခဲ့သော်လည်း နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူရပ်တည်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးမတက်ရောက်သလို ၊တက်ရောက်သောအဖွဲ့များမှာလည်း ဆုံးဖြတ်နိုင်သူများမပါ၍ ဆွေးနွေး၍မရဘဲ တွေ့ဆုံပွဲသာလုပ်ခဲ့ကြောင်းစစ်ကောင်စီနှင့်နီးစပ်သောမီဒီယာများကဖော်ပြထားသည်။ မခသက ကဲ့သို့ပင်အကြမ်းဖက်စစ်ကာင်စီသြဇာခံ YMBA အသင်း၊ ဂီတအစည်းအရုံး စသောအဖွဲ့များလည်းပါဝင်သည်။