တင့်ကားနှစ်စီးအပါအဝင် ယာဉ်အစီးရေ ၈၀ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းသည် ယနေ့ မွန်းလွဲ ၃နာရီခွဲတွင် ချင်းပြည်နယ် မင်းတပ်မြို့သို့ ရောက်ရှိပြီဖြစ် ကြောင်း မင်းတပ်ဒေသ စစ်ရေးသတင်းများ ရေးသားဖော်ပြနေသူတစ်ဦးက အသိပေးထားသည်။


ယနေ့မတ်လ ၂၃ရက် နံနက်က မကွေးတိုင်း ကျောက်ထုလေယာဉ်ကွင်းမှ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းသည် မတူပီမြို့သို့ ရိက္ခာအင်အားဖြည့်တင်းမည့် ယာဉ်တန်းဖြစ်ကြောင်း သတင်းရရှိထားသည်ဟု မင်းတပ်မြို့နယ်ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားသည်။

မင်းတပ် – မတူပီလမ်းပိုင်း ကို စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းလာပါက မင်းတပ် CDFနှင့် ထိတွေ့မှုများ ရှိလာနိုင်သည်ဟု ၎င်းကဆိုသည်။ ယခင်ကလည်း အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းများကို မင်းတပ် CDFက အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။


















































