ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင် မယ်ဝေဒေသို့ လာရောက်ထောက်လှမ်းသည့် ရဟတ်ယာဉ်ကို တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်စက်ချို့ယွင်းပျက်စီးသွားကြောင်း စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သူက သတင်းပေးပို့လာကြောင်း KNU တပ်မဟာ(၅)က ယမန်နေ့ညတွင် သတင်းထုတ်ပြန် သည်။
ယမန်နေ့ (မတ်လ ၂၅ရက်) နံနက်ပိုင်းမှစ၍ မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်မယ်ဝေ(မဲဝိုင်) ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများပေါ်သို့ အကြမ်းဖက် စစ်ကောင်စီ လေယာဉ် တစ်စီး လာရောက်ထောက်လှမ်းခဲ့ကြောင်း၊ နေ့လယ် ၂နာရီတွင်လည်း ကင်းထောက်လေယာဉ် ၂စီးနှင့် ရဟတ်ယာဉ်တစ်စီး စုစုပေါင်း ၃စီးလာရောက်ကင်းထောက်လာရာ တပ်မဟာ(၅) လက်အောက်ရှိ
တပ်ဖွဲဝင်များက ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ရဟတ်ယဉ်တစ်စီထိမှန်ကာ အခင်းပစ်ခတ် ချေမှုန်းသည့် နေရာတွင်ပျက်ကျခြင်းမရှိသော်လည်း ၎င်းတို့၏လေတပ်ဌာနချုပ်ပြန်လည်ရောက်ရှိချိန်၌မှာပင် စက်ချို့ယွင်းပျက်စီးသွားကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့်နီးစပ်သူက သတင်းပေးပို့လာသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာများတွင် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ ၂၀၂၁ မေလက ကချင်ဒေသ မိုးမောက် ကုန်းလော ဒေသတိုက်ပွဲတွင်လည်း လေကြောင်းမှ တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထိုစဉ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ခတ်ခဲ့၍ မေလ ၃ရက်တွင် ကုန်းလောရွာအနီး ရဟတ်ယာဉ်တစ်စီး ပျက်ကျကာ လေတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီး ၂ဦး တို့သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်သည် မတ်လ ၂၅ရက် ညနေပိုင်းတွင်လည်း မယ်ဝေဒေသသို့ပင် ထပ်မံ၍ လေယာဉ် တစ်စီးဖြင့် ထောက်လှမ်းသွားကြောင်း ဖော်ပြထားသည်။
KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ၎င်းတို့ နယ်မြေအတွင်း လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်များကို မတ်လ ၂၄ရက်က တစ်ရက်တည်း ၅ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ မည်မျှ သေဆုံးသည်ကို မသိရသေးသော်လည်း ယင်းနေ့တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။
အလားတူ မတ်လ ၂၃ရက်ကလည်း စစ်ကောင်စီတပ်များကို KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ၃ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲံကြောင်း ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲများ တောက်လျှောက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိုခိုက်မှုများပြားခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်ခဲ့သည်။