စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးနိုင်ကြောင်း KLG PDFက ထုတ်ပြန်သည်။
ယနေ့(ဧပြီ ၅ ရက်)နံနက် ၄ နာရီခန့်က ဘန့်ဘွေးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ် အင်အား၁၀၀ခန့်ကို KLG PDFနှင့် မဟာမိတ်တပ်ပေါင်းစုများ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စခတွေက အင်အားများတော့ ကျွန်တော်တို့ တပ်ပေါင်းစုတွေလည်း အများအပြားနဲ့ ဝင်လုံးတာ။ပုလဲ ဗိုလ်နဂါးတို့ အဖွဲ့လည်းပါတယ်။အရင်ဆုံး လက်နက်ကြီးနဲ့ပစ်ဝင်တယ်။ပြီးတော့ ရွာနဲ့အနီးဆုံးကပ်ပြီး ဝင်တိုက်ခဲ့တာ”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြော သည်။
တိုက်ပွဲအတွင်း ရဲဘော်တစ်ဦး မစိုးရိမ်ရထိခိုက်မှုရှိခဲ့မှုမှ အပ မဟာမိတ်တပ်ပေါင်းစုများ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
ယမန်နေ့ကလည်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ထုံးကြီးကျေးရွာတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ၌ ပျောက်ဆုံးနေသော KLG ရဲဘော်တစ်ဦးမှာလည်း ယနေ့အထိအဆက်အသွယ်မရရှိသေးကြောင်း အသိပေးသည်။
လက်ရှိတွင် ကနီ၊မင်းကင်းနှင့် ယင်းမာပင်မြို့နယ်များ၌ စစ်ရေးတင်းမာနေပြီး ထိတွေ့မှုများမကြာခဏရှိနေသည့်အတွက် ခဲယမ်း၊ကျည် မလုံလောက်သည့် အခက်အခဲများကို ပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီရန်လည်း KLG PDFက မေတ္တာရပ်ခံသည်။


















































