●ကရင်နီဒေသ စစ်ဘေးဒုက္ခသည်များအတွက်စားနပ်ရိက္ခာတစ်လစာသာကျန်
စစ်ဘေးရှောင်ပြည်သူများအတွက်လူသားချင်းဆိုင်ရာစာနာထောက်ပံ့မှုများစွာလိုအပ်နေ ကြောင်း ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ( People’s Spring)လူထုနွေဦးသတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံးအနက် အရေးပေါ်ရွှေ့ပြောင်းမှုနှင့် လနှင့်ချီ၍ နေရပ်စွန့်ခွာနေရသော ပြည်သူများအတွက် ယခုလပိုင်းအတွင်း ထောက်ပံ့မှုများမှာ ကျေနပ်ဖွယ်မရှိသည့် အခြေအနေ ဖြစ်နေသည်ဟု ၎င်းတို့ကပြောသည်။
“ယောနယ်တခုလုံး စစ်ဘေးရှောင်ပြည်သူ စုစု ပေါင်း ၁၀,၀၀၀ ကျော်ရှိပါတယ်။အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ဖျက်စီးခံထားရပါတယ်။ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ တောတောင်ထဲတွင် ခက်ခဲဆင်းရဲစွာ ရုန်းကန်နေရပါတယ်”ဟု ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (YRCIDP) တာဝန်ရှိသူက ရှင်းပြသည်။
စစ်ဘေးရှောင်များအတွက်အရေးပေါ် လိုအပ်ချက်ဖြစ်သော ဆေးဝါး၊အစားအစာနှင့် သန့်ရှင်ရေ များရရှိရန် အရေးပေါ်လိုအပ်နေကြောင်း ၎င်းကဆက်ပြောသည်။
အလားတူတိုက်ပွဲများပြင်းထန်နေသောကရင်နီ(ကယား)ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူ များ၏ စား နပ်ရိက္ခာ လိုအပ်ချက်သည် လာမည့် တစ်လ အထိသာ တောင့်ခံနိုင်တော့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားကလည်းပြောသည်။
“စားနပ်ရိက္ခာ ပြတ်တောက်မှုနဲ့ အငတ်ဘေးကို မကြာခင်ကြုံတွေ့ရနိုင်ခြေ ရှိတယ်။ဒါကြောင့် လူသားချင်းစာနာထောက် ထားမှု အကူအညီတွေကို UN အဖွဲ့အစည်းတွေအနေနဲ့ ဒီထက်ပို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပေးနိုင်ဖို့ လိုနေပါပြီ”ဟု ဦးဗညားက တိုက်တွန်းသည်။
စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ကြိုးပမ်းမှု တွင် ပြည်သူတစ်ဦးမှ တစ်ဦးသို့ တက်နိုင်သည့် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးရန်နှင့်စာနာပေးရန် စစ်ကိုင်းတိုင်း၊ဒီပဲယင်းအခြေစိုက်စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူကမေတ္တာရပ်ခံသည်။
“ဒီပဲယင်းလို ၊ စစ်ကိုင်းလိုဆိုပြီး နေရပ်ကွက်ပြီး မပြောလိုဘူး။ကျွန်တော်တို့ တစ်နိုင်ငံလုံးစစ်အာဏာရှင်ကိုတိုက်ဖျက်ဖို့ လုပ်နေတယ်။ဒီ အထဲ မှာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ပိုခံနေရတယ်။ဒါကြောင့် ပစ်မထားကြပါနဲ့ ဒုက္ခတွေကို မျှဝေခံစားကြည့်ပေးပါ”ဟု ၎င်းက ပြောသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ နောက်ပိုင်းကစ၍ မြန်မာနိုင်ငံအတွင်း အိုးအိမ် စွန့်ခွာရသူပေါင်း ၅၆၀,၀၀၀ ကျော်ရှိကာ ချင်း၊စစ်ကိုင်း၊မကွေး နှင့် ကရင်နီ ဒေသခံအများဆုံးဖြစ်နေသည်ဟု ကုလသမဂ္ဂဒက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ယခုလ တတိယပတ်တွင် ထုတ်ပြန်ထားသည်။ သို့သော် မြေပြင်တွင် စစ်ဘေးဒုက္ခသည်အရေအတွက်မှထို့ထက်ပိုများကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသူများကပြောသည်။