စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ကင်းလှည့်လာသည့် အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပျူစောထီး ခုနစ်ဦးသေဆုံးကြောင်း မင်းကင်း PDF က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၅ ရက် မွန်းတည့် ၁၂နာရီဝန်းကျင်က မင်းကင်းမြို့နယ် (မြစ်ရိုးအောက်ဒေသ) ကျောက်ခဲတက်ရွာနှင့် သင်တောရွာအကြား ကင်းလှည့်လာသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မိုင်းမိခဲ့ခြင်းဖြစ်သည်။ မိုင်းသုံးလုံးထိပြီး ပျူစောထီး ခုနစ်ယောက်သေဆုံးကာ အများအပြား ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်ဟု Mingin People Defense Force- MPDF က ဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ MPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ဧပြီ ၂၆ ရက်က မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာအား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အိမ်ပေါင်း ၂၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။