●အကြမ်းဖက်စစ်တပ်က နေအိမ်ပေါင်း ၇၆၀ကျော်မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ရဲဘော် ၁၅ဦး ကျဆုံးကာ နေအိမ်ပေါင်း ၇၆၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ KSO အဖွဲ့နှင့် ဒေသတွင်းသတင်းရင်းမြစ်များ၏ စာရင်းများအပေါ် အခြေခံကာ People’s Spring က စာရင်းချုပ်တွက်ချက်ထားခြင်း ဖြစ်သည်။

ဧပြီ ၂၃ မှ မေ ၂၃ ရက်အထိ တစ်လတာကာလအတွင်း အကြမ်းဖက်စစ်တပ်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ရွာခန့်က နေအိမ်အလုံးပေါင်း ၇၆၈ အိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement
အကြမ်းဖက်စစ်တပ်၏ မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းများကြောင့် အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပင် မီးရှို့သတ်ဖြတ်သွားခဲ့သည်။

အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်ရင်း ရဲဘော် ၁၅ ဦးကျဆုံးခဲ့ရသည်။
ခင်ဦးမြို့နယ်တွင် အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ အကြမ်းဖက်စစ်တပ်က ပြည်သူနှင့် ရဲဘော်ပေါင်း ၁၇၀ကျော် သတ်ဖြတ်ထားသည်။
ကျေးရွာပေါင်း ၄၀ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး မီးရှို့ဖျက်ဆီးခံရသည့်အိမ်ခြေ ၁,၅၁၄ လုံးထက်မနည်းရှိသည်။

မီးရှို့ဖျက်ဆီးမှုမှာ မေလအတွင်းအဆိုးဆုံးဖြစ်ပြီး မေလ ၁ ရက်မှ ယနေ့အထိ နေအိမ်ပေါင်း ၄၃၃ ထက်လုံးမနည်း မီးရှို့ဖျက်ဆီးခဲ့သည်။
အိမ်မွေးတိရစ္ဆာန် ကြက်၊ဝက်၊ဘဲ အကောင်ရေ ရာချီ၊ ခိုင်းနွား၊ ကျွဲ အကောင်ရေများစွာနှင့် ကား၊ထော်လာဂျီ၊ဆိုင်ကယ် အစီးပေါင်းများစွာ မရေမတွက်နိုင်အောင် ဖျက်ဆီးခံထားရသည်။


















































