ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအတွက် ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ် ကော်သူးလေသစ်တောဌာနကဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ရဲ့ ကော်သူးလေသစ်တောဌာန(KFD)က ဦးဆောင်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့၊ စည်းရုံးရေးနဲ့ပြန်ကြားရေးဌာနနဲ့ ကျေးရွာနေပြည်သူလူထုတို့ပူးပေါင်းကာ ဒီကနေ့မနက် ၈ နာရီအချိန်ကစပြီး ဘောကထာသစ်တောကြိုးဝိုင်းမှာ သစ်ပင်တွေစိုက်ပျိုးကြတာပါ။


အခုလိုသစ်ပင်တွေစိုက်ပျိုးတာဟာ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်ကာတိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအတွက် ရည်စူးပြီး စိုက်ပျိုးရတာဖြစ်တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်ရဲ့ နယ်မြေအုပ်ချုပ်ရေးစနစ်မှာ စည်းရုံးရေးနဲ့ပြန်ကြားရေးဌာန၊ ကျန်းမာရေးနဲ့ကယ်ဆယ်ရေးဌာန၊ ပြည်လည်ထူထောင်ရေးဌာန၊ ပညာရေးနဲ့ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နဲ့ဘဏ္ဍာရေးဌာန၊ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာန၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တို့ ရှိတာဖြစ်ပါတယ်။

Public Service Announcement


ဒါ့အပြင် တရားစီရင်ရေးကော်မတီ၊ စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ၊ စစ်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီနဲ့ နာယကအဖွဲ့တွေရှိကြပြီး ကေအဲန်ယူ လယ်ဒိုမြို့နယ်ရဲ့ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းမှာ ပြည်သူလူထုတွေကို ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။
