တော်လှန်ရေးရဲဘော်များအားဖမ်းဆီးအကျဥ်းချရန်ရည်ရွယ်ဆောက်လုပ်နေသည်ဟုဆိုသည့် စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိအဆောက်အအုံတစ်ခုအား ဝင်ရောက်ဖြိုချဖျက်ဆီးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)ကသတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်လ ၂၂ရက်နေ့)နံနက်ပိုင်းကမုံရွာမြို့၊ သာစည်ရွာတွင် တော်လှန်ရေးရဲဘော်များအားဖမ်းဆီးပြီးထားရန်ရည်ရွယ်ဆောက်လုပ်နေသည့်အကျဥ်းထောင်သဏ္ဍန်အဆောက်အဦးများကိုပထမဆုံးအကြိမ်သတိပေးဖြိုချဖျက်ဆီးခဲ့ကြောင်း၊ ၄ထပ်အဆောင်တစ်ဆောင်နှင့် ဘက်ဖိုးကားတစ်စီးအား ပထမဆုံးအကြိမ် ဖြိုချဖျက်ဆီးခဲ့ပြီး အလုပ်လုပ်နေသောသူများကိုမူ ပြည်သူအနေဖြင့်လွှတ်ပေးခဲ့ကြောင်း CAFက အသိပေးသည်။
ထိုအဆောက်အဦးအား ဆောက်လုပ်ပေးနေသူများကိုလည်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး ဆက်လက်တည်ဆောက်နေလျှင် ၎င်းတို့အသက်အတွက် အာမခံနိုင်မည်မဟုတ်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Chindwin Attack Force၏ တာဝန်ရှိသူက “အဲဒီထောင်ကဆောက်နေတာကြာပါပြီ။ ပြည်သူတွေကို ဖမ်းဆီးထောင်ချဖို့။ တိုးချဲ့တဲ့အတွက် ခုလိုလုပ်လိုက်ရတာ သတိပေးတဲ့အနေနဲ့။ ထောင်အသစ်အကြီးကြီးဆောက်နေတာကြာပြီ။ခိုးပြီးဆောက်နေတာ၊ ကျွန်တော်တို့မသိဘူးထင်ပြီးသူတို့လုပ်နေတာ။ ဗုံးခွဲဖြိုချပေးခဲ့တာဘက်ဖိုးကားတစ်ဆီးလဲဗုံးခွဲပေးခဲ့ယ်”ဟုPeople’s Springသို့ပြောကြားသည်။

Public Service Announcement
၎င်းအဆောက်အဦးသည်မည်သည့်အဆောက်အဦးဖြစ်ကြောင်း People’s Springအနေဖြင့်သီးခြားအတည်ပြု၍ မရသေးပါ။
ထိုစစ်ဆင်ရေးအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ အထူးကွန််မန်ဒိုအဖွဲ့(Monywa The Boys)၊ မုံရွာခရိုင် တပ်ရင်း၂ တပ်ခွဲ-၂ Monywa special ဒိတ်ဒိတ်ကြဲအဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ၁သပြေညိုပြောက်ကျားတပ်ဖွဲ့၊ ၊မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၃ ခွေးသတ်မုဆိုးအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


















































