Connect with us

Hi, what are you looking for?

သတင်း

KNU ညောင်လေးပင်ခရိုင်တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်ကြီးတစ်ဦးနှင့် မြို့အုပ်ချုပ်ရေးမှူးအပါအဝင် ၁၉ဦးသေ

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာပြည်သူလူထုများကို KNUနှင့် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းကာ ကယ်ဆယ်နေရာချထားခြင်း၊ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးနေကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU
▪️အထိနာသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းပစ်၍ ပြည်သူ ငါးဦးဒဏ်ရာရပြီး ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရ
▪️ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က လူထုရှိရာ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် စစ်ကောင်စီခန့် နတ်သံကွင်းမြို့နယ်အုပ်ချုပ်ရေးမှူးသန်းလွင် အပါအဝင် ၁၉ဦးသေဆုံးခဲ့သည်ဟု KNU ဗဟို သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ် ပြန်သည်။

KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၅ရက်နှင့် ၂၆ရက်တို့တွင် တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲများ၌ KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိပေ။

ဇွန်လ ၆ရက် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ နရွဲပင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ဇွန်လ ၂၅ရက် ငဗြက်အင်းကျေးရွာနှင့် အင်းနက်ကျေးရွာကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် စစ်ကောင်စီခန့် နတ်သံကွင်းမြို့ အုပ်ချုပ်ရေးမှူးသန်းလွင် အပါအဝင် ၁၄ဦးသေဆုံးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။ ယင်းနေ့၌ပင် ညောင်လေးပင်ခရိုင်မုန်းမြို့နယ် နောင်ကုန်းကျေးရွာအရှေ့ဘက်တွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်အင်အားများဖြည့်တင်းခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ ဖြစ်ရခြင်းမှာ KNU၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားလာသောကြောင့် ဖြစ်သည်ဟု ဖော်ပြသည်။ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွင် တာဝန်ရှိ သည်နှင့် အညီ ကျူးကျော်ဝင်ရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု KNUက ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် နောင်ကုန်း၊ ရန်မျိုးအောင်၊ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကျွတ်ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း စသည့်ကျေးရွာပေါင်း (၁၂)မှ အိမ်ခြေ ၁,၈၀၀ ကျော် လူဦးရေ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီပစ်ခတ်သည့် လက်နက် ကြီးထိမှန်၍ ​ဒေသခခံပြည်သူငါးဦးဒဏ်ရာရပြီး ပြည်သူလူထု၏နေအိမ်များ၊ ကျေးရွာအဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာပြည်သူလူထုများကို KNUနှင့် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းကာ ကယ်ဆယ်နေရာချထားခြင်း၊ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးနေကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများ စတင်ပစ်ခတ်လျက်ရှိကြောင်း KNUက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။