စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောရွာတွင် စစ်ကောင်စီတပ်က အမျိုးသားလေးဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လှည့်လည်စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်နေပြီး ကျေးရွာများမှ ပြည်သူအချို့အားဖမ်းဆီးကာ ဖုတ္ထန်းတောရွာသို့ ခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးခံထားရသူများအနက် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာမှ ၁ ဦး၊ ရွှေဘိုမြို့နယ် ရေကြည်ဝရွာမှ ၁ ဦးနှင့် ပေါက်ချိုင်ရွာမှ ၂ ဦး တို့ သတ်ဖြတ်ခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဖုတ္ထန်းတောရွာရှိ ဆိုင်ကယ်များအားမီးရှို့ဖျက်ဆီးသွားပြီး နေအိမ်များအတွင်း မွှေနှောက်ဖျက်ဆီးမှုများလည်း ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဩဂုတ်လ (၂)ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးနေပြီး ပြည်သူ (၁၄)ဦးထက်မနည်း သတ်ဖြတ်ထားကာ ပြည်သူ (၅၀)ကျော်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
“အဖမ်းခံရသူများအား ရေဦးမြို့ ဘောလုံးကွင်းအတွင်းမှာ ထားရှိကြောင်း သိထားရပါတယ်။

ယနေ့စစ်ကြောင်းဟာ ဖုတ္ထန်းတောမှ ထွက်လာပြီး မူးအုန်းကျေးရွာနှင့် သရက်ကန်ကျေးရွာအနီးသို့ ရောက်ရှိနေတာမို့ ပြည်သူများဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်ပြည်သူများအား တတ်နိုင်သမျှ နီးစပ်ရာမှ အကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးသည်။
ရွာသားလေးဦးအား သတ်ဖြတ်သွားသော အကြမ်းဖက်စစ်ကြောင်းသည် အရာတော်နယ် ကောက်သစ်ရွာဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ပြီး ယခုအခါ ဒီပဲယင်းနယ် သရက်ကန်၊ မအုံးကြားမှ တိုက်ရွာဘက် ဦးတည်လျက်ရှိကြောင်း၊ စစ်ဘေးရှောင်ပြည်သူများ နေအိမ်ပြန်ဝင်နိုင်ခြင်းမရှိသေးကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးသည်။


















































