စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းတွေ့၍ သိမ်းဆည်းသွားစဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း People’s Defence Force – South Monywaက သတင်းထုတ်ပြန်သည်။
ယမန်နေ့(သြဂုတ် ၁၈ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်က ပဒေသာမိုင်း သုံးလုံးအား တွေ့ရှိ၍ ဂျန်ပါကားအနီး သိမ်းဆည်းသွားခဲ့သည်။
အချိန်အနည်းငယ်အကြာတွင် အဆိုပါ ပဒေသာမိုင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ရှစ်ဦး နေရာတွင်ပင် လဲကျသွားကြောင်း၊ မိုင်းများအနီးထိုင်နေသူ ငါးဦးသေဆုံး၍ သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း PDF South Monywaက ပြောသည်။

စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု PDF South Monywaက အသိပေးသည်။ ထိခိုက်မှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
ထိုစစ်ဆင်ရေးအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၊ တပ်ရင်း (၁)၊ တပ်ခွဲ (၁) People’s Defence Force – South Monywaနှင့် Black Hunter People’s Task Force အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယမန်နေ့နံနက်ပိုင်းကလည်း မိုင်းလာရှာသည့်အကြမ်းဖက်အုပ်စုကို နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုများရှိကြောင်း PDF South Monywaက အသိပေးထားသည်။
