တန့်ဆည်နယ် အောင်ချမ်းသာကျေးရွာဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – KPK တပ်ဖွဲ့က ယနေ့(သြဂုတ် ၂၃)တွင် ထုတ်ပြန်သည်။
ယနေ့နံနက် ၉ နာရီခွဲက ချောင်းဆုံတောင်ရွာမှ အောင်ချမ်းသာရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်အား Guerrilla Warfare – KPK၊ TSR၊ Taze Tiger၊ PLA၊ TCRF PLA၊ PRLF၊ SAS၊ တပ်ရင်း ၁၀၊ တပ်ရင်း၁၆၊ တပ်ရင်း၈၊ တပ်ရင်း ၆၊ ပကဖ နှင့် ပလဖ ပူးပေါင်းအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခွဲခန့် ဖြစ်ပွားခဲ့သည်။
“စခများဘက်မှ အထိအခိုက်အသေအဆုံးများ ရှိနိုင်ပြီး အရေအတွက်အတိအကျ မသိရသေးပါ။ ပြည်သူ့ရဲဘော်များ ဘေးကင်းစွာဖြင့် ဆုတ်ခွာလာနိုင်ခဲ့ပါသည်”ဟု PKP တပ်ဖွဲ့က ဖော်ပြသည်။
တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်ပြီး Guerrilla Warfare – KPK အဖွဲ့ထံ People’s Spring ကဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement
သြဂုတ် ၁၉ ရက်ကလည်း တန့်ဆည်နယ် ဝါးရငယ်ရွာသစ်မှ ဝါးရငယ်ရွာဘက် အင်အား ၁၂၀ ခန့်ဖြင့်ကူးလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို PKP နှင့် မဟာမိတ်များကနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီထောက်တိုင် ပျူစောထီးများကို PKP အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက နေ့စဥ်နီးပါး ခုခံတိုက်ထုတ်လျက်ရှိသည်။


















































