တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်း စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
သရက်ချောင်းမြို့နယ်ရှိ အောက်သရက်ချောင်းရွာတွင် ဩဂုတ် ၂၄ ရက် တစ်ကြိမ်နှင့် ရငဲရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲနှစ်ခုလုံးကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းနှင့် ကျားရိုင်းပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အောက်သရက်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဩဂုတ် ၂၄ ရက်တွင် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ထိုတိုက်ခိုက်မှုသည် မိနစ် ၄၀ခန့် အပြန်အလှန်ပစ် ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ဦးသေဆုံးကာ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှ နှစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့သည်ဟု အသိပေးထားသည်။
ထိုအတူ ဩဂုတ် ၁၀ရက်လည်း ပုလောမြို့မှ ထားဝယ်မြို့ကို လာသည့် စစ်ကောင်စီတပ်ကို သရက်ချောင်းမြို့နယ် ရငဲရွာတွင် ကြားဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ် ဦးသေဆုံးပြီး စစ်ကားတစ်စီးပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီစစ်ဒေသခွဲ၊ ထားဝယ်ခရိုင်တပ်ရင်း အမှတ် – ၂ (ဖက်ဒရယ်စစ်ကြောင်း)နှင့်အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သားများ စုဖွဲ့ထားသည့် တနင်္သာရီတိုင်းအခြေစိုက် စစ်ကြောင်းတစ်ခု ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


















































