ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ယနေ့ (သြဂုတ်၂၈ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီ ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။
“ခမရ (၃၇၇) တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ် တာ။ဒေသခံတွေ ထွက်ပြေးနေကြတုန်း လက်နက်ကြီးထိတာ။ နှစ်ယောက်ဆုံးသွားတယ်။ ကျန် တဲ့ငါးယောက်လည်း စိုးရိမ်နေရတယ်”ဟု မြောက် ဦးမြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးနှစ်ဦးတွင် အသက်(၇၀) အရွယ်အမျိုးသမီးတစ်ဦး ပါဝင်သည်။ ထို့အပြင် ဒဏ်ရာရသူငါးဦးတွင် (၄)နှစ်အရွယ်ကလေးငယ် တစ်ဦးပါဝင်သည်။

Public Service Announcement
ယနေ့ညနေတွင် မြောက်ဦးမြို့ လက္ကာကျေးရွာအနီး၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ စစ်ကောင် စီတပ်ဘက်က ခမရ (၃၇၇)တပ်ရင်းအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ယနေ့ည ၇နာရီခန့် အခြေအနေကို ဒေသခံများက ပြောသည်။
ကင်းဆိပ်ကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယမန့်နေ့(သြဂုတ် ၂၇ ရက်)ကလည်း မောင်တောမြို့နယ်် မင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီမှ ပစ်ခတ်သည့်လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည်။ ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲများပြင်းထန်နေသည်။


















































