စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဥ်တွင် ကားဖြင့်တိုက်သတ်ခံရပြီး ဒဏ်ရာရခဲ့သည့် PDFရဲဘော် တစ်ဦး ဖမ်းဆီးခြင်းမခံရဘဲ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က မုံရွာမြို့၌ ဖြစ်ပွားခဲ့သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်သန်းဇော်ထွန်းအား ရှင်းလင်းခဲ့သည့်ဖြစ်စဥ်တွင် ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)အဖွဲ့မှ ဗိုလ်လရောင်နှင့်ရဲဘော်တွင်ခုံတို့သည် ပြန်လည်ဆုတ်ခွာလာချိန် စစ်ကောင်စီပတ်ကင်းများနှင့်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
စစ်ကောင်စီဘက်က ဗိုလ်လရောင်နှင့်ရဲဘော်တွင်ခုံတို့အား ကားဖြင့်နောက်မှ ဝင်တိုက်ခဲ့ပြီးရဲဘော်တွင်ခုံမှာ ခြေကျင်းဝတ် ကျိုးကြေသွားခဲ့ပြီး ဗိုလ်လရောင်မှာ စစ်ကောင်စီတပ်များနှင့်အပြန်အလှန် ထပ်မံပစ်ခတ်ခဲ့သည်ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ယနေ့(စက်တင်ဘာ၁ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းဖြစ်စဥ်နေရာတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဗိုလ်လရောင်မှာ ထိုနေရာ၌ပင် ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ရကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က အသိပေးသည်။

Public Service Announcement
ဒဏ်ရာရရှိနေသော ရဲဘော်တွင်ခုံအား မဟာမိတ်ညီနောင်များဖြစ်သော Monywa Fighter Group နှင့် Black Dargon အဖွဲ့များက သွားရောက်ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာများအားဆေးများကုသပေးခဲ့ကြောင်း၊ ရဲဘော်တွင်ခုံသည် ဒဏ်ရာသက်သာလာချိန်၌ မိခင်တပ်ရင်းဖြစ်သော ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)သို့ သြဂုတ် ၁၈ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးသည်။
မိခင်တပ်ရင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) သို့ပြန်လည်ရောက်ရှိအောင် မဟာမိတ်ညီနောင်များဖြစ်သော Monywa Fighter Group၊ Black Dargon၊ Golden Eagle၊South Monywa၊ Monywa Danger၊ ဆားလင်းကြီး GZ တို့က ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အား ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နေ့နံနက်ပိုင်းက မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သန်းဇော်ထွန်းသည် မုံရွာမြို့ပေါ် ချမ်း မြဝတီရပ်ကွက် နှင်းဆီလမ်းတွင် ကားပေါ်၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်ကျည်ဖောက်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။


















































