မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (စက်တင်ဘာ၁၆ ရက်) နံနက်ပိုင်းက မြစ်ခြေမြို့ရဲစခန်းအား ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချကာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်များ ခြေရှုပ်နေကြောင်း ဒေသခံများက ပြောသည်။
“မြို့ပေါ် တစ်မနက်လုံး ရခတွေသေနတ်အချက်ပေါင်းများစွာ လိုက်ဖောက်နေကြောင်းသိရပါတယ်။ သူတို့ဘက်တွင်ထိခိုက်သေဆုံးမှုရှိကြောင်း ကနဦးသိရပါတယ်။ မြစ်ခြေလာမယ့်ပြည်သူများ သတိရှိကြပါ။”ဟု Pakokku City & University News က အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဒေသတွင်းအဖွဲ့အစည်းများကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းကလည်း ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကျွန်းချောင်းလမ်းတွင် ဆိုင်ကယ်ခြောက်စီး၊ ကားတစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်နှင့် ပျူများအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
