ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရတော့၊ အပြီးတိုင် အနားယူခွင့်ပြုသော်လည်း ဒဏ်ရာသက်သာချိန် ပြန်တိုက်မည်ဟု ဒဏ်ရာရရဲဘော်များပြော
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ တိုက်ပွဲတစ်ခု၌ တပ်ဆုတ်ရာတွင် ချန်ထားခဲ့ရသည့် (၆၀)မမ လက်လုပ် ပြောင်းတစ်ခုကို ပြန်လည်သွားယူရာ စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကြောင့် ရဲဘော် ခြောက်ဦး ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း Myanmar Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။
မကြာသေးသည့်အချိန်တစ်ခုက ဘုတလင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းအား MDF-ဘုတလင်တပ်ခွဲ နှင့် မဟာမိတ်တပ်ရင်း တပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အား (၆၀)မမ လက်လုပ် များ၊ရှော့တိုက်ဒုန်းများဖြင့် အဆက်မပြတ် ပစ်နိုင်ခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီဘက်က အင်အားသာလွန်ခြင်း၊ မထင်မှတ်သည့်နေရာမှ တန်ပြန် တိုက်စစ်ဆင်ခြင်းတို့ကြောင့် ရဲဘော်များ နောက်ပြန်ဆုတ်ခဲ့ကြောင်း Myanmar Defense Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အရေးပေါ် တပ်ဆုတ်ရသဖြင့် လက်နက်ငယ်များကို အဓိကသယ်ဆောင်ပြီး လူများဘေးကင်းဖို့ ဦးစားပေးခဲ့ရာ (၆၀)မမ လက်လုပ် ပြောင်းတစ်ခုကို မြေပြင်၌ ချန်ခဲ့လိုက်ရကြောင်း၊ စစ်ကောင်စီတပ်သားများ တပ်ဆုပ်သွားချိန်တွင် ကျန်ရှိ (၆၀)မမကို သွားရောက်ယူဆောင်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်သည် ထိုပြောင်းအတွင်း၌ အဖူးတစ်ခုကို စနပ်တံဖြုတ်၍ ထောင်ခြောက် ဆင်ထားခဲ့ရာ ရဲဘော်များ ပြောင်းရှင်းချိန်၌ပေါက်ကွဲခဲ့ကြောင်း Myanmar Defense Force အဖွဲ့က အသိပေးသည်။
ပေါက်ကွဲမှုကြောင့် MDF-ဘုတလင်တပ်ခွဲမှ ရဲဘော် ခြောက်ဦး ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ရဲဘော် သုံးဦးမှာ ခြေထောက်၊လက် တစ်ဖက်စီပြတ်တောက်ပြီး ကျန် ရဲဘော် သုံးဦးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြပြီး အသက်အန္တရာယ်ကင်းခဲ့ကြောင်း Myanmar Defense Force အဖွဲ့က အသိပေးသည်။

Public Service Announcement
ယခုအခါ အရေးပေါ် ဆေးကုသမှုခံယူခြင်း ပြီးမြောက်ပြီဖြစ်သော်လည်း အလုံးစုံ သက်သာသည်အထိ ကုသအနားယူရန် ရဲဘော်များကို ဆေးခွင့်ပြုထားသည်။
တာဝန်ရှိသူများက ၎င်းတို့အား အပြီးတိုင်အနားယူလိုက ယူနိုင်ကြောင်း ခွင့်ပြုသော်လည်း ရဲဘော်များက ဒဏ်ရာများ သက်သာပျောက်ကင်းပါက နိုင်ရာတာဝန်များကို ဆက်လက် ထမ်းဆောင်ရန် တောင်းဆို၍ ဆေးခွင့်သာ ပေးထားကြောင်း Myanmar Defense Force အဖွဲ့က ထပ်မံအသိပေးသည်။
မြေပြင် ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ယခုဖြစ်စဥ်ကဲ့သို့ မတော်တဆ အဖြစ်ဆိုးမျိုးမဖြစ်ပွားအောင် သတိပြုနိုင်ရန် တင်ပြရခြင်း ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုများကို ပိုမိုစနစ်ကျအောင် ကြိုးစားပြင်ဆင်ပြီး ဘုံရန်သူ စစ်ကောင်စီနှင့် ယန္တရားထောက်တိုင်များကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း Myanmar Defense Forceက ကတိပြုသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့ရက်အပါအဝင် တိုက်ပွဲဖြစ်စဥ်ကို အသိပေးထားခြင်းမရှိဘဲရဲဘော်များ၏ အနာဂါတ်လုံခြုံရေးအရ ယခုရေးသားတင်ပြထားသောအချက်အလက်များမှလွဲ၍ အသေးစိတ် ထပ်မံပြောဆိုနိုင်မည်မဟုတ်ကြောင်း Myanmar Defense Forceက ရေးသားထားသည်။


















































