စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ထနောင်းတောရွာအား မီးရှို့ဖျက်ဆီးလာသည့် စစ်ကောင်စီတပ်ကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း Aung San Force အဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၇ ရက်က မုံရွာမြို့နယ်၊တောပုပျူရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် လမ်းတစ်လျှောက် ပြည်သူများကို ဖမ်းဆီး၍ ထနောင်းတောတောင်ကျေးရွာသို့ ၀င်ရောက်ပြီး နေအိမ်များမီးရှို့ကာ ထနောင်းတောမြောက်ရွာ၌ တပ်စွဲခဲ့သည်။
ယမန်နေ့(စက်တင်ဘာ၂၈ ရက်) မွန်းလွဲ ၂နာရီခန့် တွင် ထနောင်းတောမြောက်ရွာနှင့် တောင်ရွာကြားရှိ သင်္ချိုင်းကုန်းအနီး ထွက်လာသော စစ်ကောင်စီတပ်များအား အသင့်စောင့်ဆိုင်းနေသော ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Aung San Force အဖွဲ့ကပြော သည်။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force – (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင် စီတပ်ဘက်က အထိအခိုက်ရှိနိုင်သော်လည်း မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အနည်းငယ် ရရှိခဲ့ကြောင်း Aung San Force အဖွဲ့က အသိပေးသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထနောင်းတောတောင်ရွာနှင့်မြောက်ရွာရှိ နေအိမ် ၁၇ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ဒေသခံ ပြည်သူ၄၀ ခန့်ကိုလည်း ဖမ်းဆီးသွားပြီး မုံရွာ-အမြင့်လမ်းပေါ်၌ ပြည်သူတစ်ဦး ပစ်သတ်သွားခဲ့သည်။


















































