စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် PDFစခန်းတစ်ခုစီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီက ဓါတုလက်နက်ပါ အသုံးပြုတိုက်ခိုက်ခဲ့ရာ ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ် ရေးတပ်မတော် (Chindwin Attack Force)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (အောက်တိုဘာ၂၂ ရက်)တွင် စခန်းဝင် စီးသည့်စစ်ကြောင်းအား ခုခံနေစဉ်အတွင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P ၏ အသက် (၁၉)နှစ်အရွယ် ရဲဘော်ကိုဝေယံသည် စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက် ကြီးထိမှန်ပြီး ဒဏ်ရာရခဲ့သည်။
ထို့နောက် စစ်ကောင်စီဘက်က ထပ်မံပစ်ခတ်သည့် ဓာတုလက်နက်ထိမှန်ပြီး မပြေးနိုင်ဘဲ ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရကြောင်း Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“မနက်၆ နာရီလောက် စခန်းဝင်စီးတယ်။ အဲဒါကို လက်နက်ကြီးနဲ့ ခုခံတယ်။ ၂ ယောက်ထိတယ်။ အသေးစားဒဏ်ရာပဲ။ တွဲခေါ်ပြီးဆုတ်လာချိန် ဓာတုဗုံးက ၅ ယောက်ကြားကျတာ။ ၅ ယောက် စလုံး မူးဝေပြီး အော့အန်တယ်။ တွဲခေါ်နေရင်း ဓာတုဗုံးကျတာဆိုတော့ ကျတဲ့ရဲဘော်ကကျန်နေခဲ့တာ။ ကျတဲ့ရဲဘော်က နယ်မြေရှင်းလင်းမှ အလောင်းရတာဗျာ။”ဟု ယင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

သို့သော် စစ်ကောင်စီတပ်က ဓါတုလက်နက်အသုံးပြုတိုက်ခိုက်ခြင်းကိုမူ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိပေ။
(၄၀)မမ လက်နက် ၇လတ်၊ လက်နက်ငယ် ၂လတ် ဆုံးရှုံးခဲ့ပြီး တဲ၂လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ကျဆုံးရဲဘော်သည် နိုင်ငံတော်အတွက်အသက် ပေး၍မြင့်မြတ်စွာကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင်နိုင်ငံတော်နှင့် ပြည်သူအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့သဖြင့် တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း -၄ အနေဖြင့်မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရေးသားသည်။
အာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်များကိုကျန်ရစ်သောရဲဘော်များကဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်က ကတိပြုသည်။


















































