မကွေးတိုင်း၊ ပခုက္ကူအကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများ ကြုံတွေ့နေရသော အကြမ်းဖက်နှိပ်စက် ညှင်းပန်းနေမှုအခြေအနေများအား မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ ပြည်သူသို့ အသိပေးထုတ်ပြန်သည်။
ပခုက္ကအကျဥ်းထောင်အတွင်း အစာရေစာဖြတ် တောက်ခြင်း ၊ သတင်းမှားများလွှင့်ခြင်း ၊ ရိုက်နှက် ရှော့တိုက်ခြင်း ၊ တိုက်ပိတ်ခြင်း၊ တရားခွင်အတွင်းဖိနှိပ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ဆိုးရွားစွာ ပြုလုပ်လျက်ရှိနေကြောင်း ယမန်နေ့ (အောက်တိုဘာ ၃၁ရက်)က ထုတ်ပြန်သည့် မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပခုက္ကူအကျဥ်းထောင်အတွင်းရှိ အကျဥ်းသား၊ အကျဥ်းသူများသည် အစာငတ်ခံ ဆန္ဒပြခြင်း လုံးဝ (လုံးဝ) မရှိခဲ့ကြောင်း၊ အစာရေစာဖြတ်ခံထားရခြင်းသာဖြစ်ပြီး ထောင်ဝင်စာပိတ်ခံထားရ၍ စားစရာလုံးဝမရှိကြောင်း မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီက အသိပေးသည်။
“ဈေးဝယ်ရန်အတွက် ဈေးဘား ဖွင့်ထားသော်လည်း အကျဥ်းသားများ လက်လှမ်းမမှီနိုင်ရန် ဈေးများ အဆန်မတန်တင်ထားကြောင်း သိရပါတယ်။”ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက ပြောသည်။

Public Service Announcement
Super ကော်ဖီတစ်ထုပ် ၁၁,၅၀၀ကျပ် ပေးဝယ်ရပြီး အခြားသောပစ္စည်းများလည်း အဆမတန် ဈေးတင်ရောင်းချနေကြောင်း သိရှိရသည်ဟု ဆိုသည်။
နံနက်ပိုင်းတွင် ရေနွေးဖြူ၊ နီနှင့် အကောင်ပါသော ဆန်ပြုတ်ကို မလောက်မငကျွေး၍ နံနက် ၁၀ နာရီတွင် ထမင်းကြမ်းနှင့် ပဲဟင်းအရည်ကျဲနှင့် စားရကြောင်းသိရပြီး အဆိုပါ ထမင်းကြမ်း အတွင်း စပါးလုံးများအပြင် တရံတခါ ကျောက်ခဲများပါ ပါဝင်ကြောင်း၊ ညနေ ၄နာရီတွင် ထမင်းနှင့် ချဥ်ဟင်း (ချဥ်ပေါင်ရွက် ရေလုံပြုတ်)တို့သည် ထောင်မှကျွေးသော ပုံစံထမင်းနှင့် ဟင်းဖြစ် ကြောင်း ထောင်တွင်းစားသောက်ရသည့် အခြေအနေကို ဖော်ပြသည်။
အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထောင်ဆူပူခြင်းမှာ အကျဥ်းသားအချင်းချင်း ရန်ဖြစ်သည် ကို ထောင်ဝန်းထမ်းများက ဝင်ရောက်တားဆီးရာ ရိုက်ခံရခြင်းဖြစ်သည်။ ထိုဖြစ်စဥ်ကို ထောင်ပိုင်နှင့်ဝန်ထမ်းများက မိုင်းကွဲခြင်းနှင့် ဆက်စပ်သည် ဟုဆိုကာ အကျဥ်းသား ခုနစ်ဦးအား တိုက်ပိတ် ပြီး ၂ ရက်နှင့် ၂ ည မအိပ်ရ၊ မစားရ ရေသောက် လျှင် လက်သီးနှင့်ထိုးခြင်း၊ မှီလျှင်ခြေနှင့် ဆောင့်ကန်ခြင်း၊ ရှော့တိုက်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက ပြောသည်။
ယနေ့အချိန်အထိ သုံးဦးကို တိုက်ပိတ်ထားဆဲဖြစ်ကြောင်း၊ ၇ ရက်ကျော်မှ ရေချိုးခိုင်းသလို ကျန်သူများအား အိပ်ဆောင်အတွင်း ၂၄နာရီပိတ် ထားသည်။
ထောင်ဝန်ထမ်းများက အကျဥ်းသားများအား ဆဲဆို၊ ကြိမ်းမောင်း ၊ ဖိနှိပ် ချုပ်ချယ်ခြင်းများဖြင့် ပခုက္ကူအကျဥ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို ခံနေရကြောင်း၊ တိုက်ပိတ်ခံထားရသူများအား ယနေ့အချိန်အထိ ပုံစံထမင်းဟင်းသာ ကျွေးသလို ထောက်ပါသော သံခြေကျင်း ခတ်ထားတာကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက ဆိုသည်။
ထို့အပြင် အကျဥ်းသားအားလုံးအား အိပ်ဆောင် အတွင်း ၁ လအထိ ပိတ်ထားမည်ဟုသိရပြီး တိုက်ပိတ်ခံရသော ခုနစ်ဦးအနက် တစ်ဦးမှာ လည်ချောင်းထိုးခံထားရသဖြင့် ရေသောက်ရန်ပင် ခက်ခဲနေကြောင်း သိရသည်။
မကြာခင်ကာလအတွင်း ပခုက္ကူအကျဥ်းထောင်မှ အကျဥ်းသားအကျဥ်းသူများအား ထောင်ပြောင်းရန် ပြင်ဆင်နေကြောင်း သိရှိရပြီး အမျိုးသမီး နိုင်ငံရေး အကျဥ်းသားသူများလည်းပါဝင်မည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီကပြောသည်။
ပခုက္ကူခရိုင်ရုံးမှ တရားသူကြီး ဒေါ်တင့်တင့်ဌေးသည် တရားခွင်အတွင်း နိုင်ငံရေး အကျဥ်းသား/သူများအား မောက်မာစွာ ဖိနှိပ် ပြောဆိုဆက်ဆံနေပြီး အမိန့်မချရသေးသော နိုင်ငံရေးအကျဥ်းသားများအား ၁၁ လပိုင်းအတွင်း ယနေ့ခေါ် ညနေအမိန့်ချ၊ ယနေ့ခေါ် မနက်ဖြန်အမိန့်ချ ပုံစံဖြင့် မြန်ဆန်စွာ အမိန့်ချရန် စီစဥ်နေကြောင်း အမှုရင်ဆိုင်ဆဲ နိူင်ငံရေးအကျဥ်းသားများ၏ အခြေအနေကို မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက အသိပေးသည်။
ထို့အပြင် ပြင်ပတွင် သတင်းပျံ့နေသော ထောင် ဆူ၍ ထောင်ပြောင်းရခြင်းဆိုသည်မှာ သတင်းမှားဖြစ်ကြောင်း၊ အောက်တိုဘာ ၁၄ ရက်ည(အောက်တိုဘာ ၁၅ ရက်နံနက်) သန်းခေါင်ယံအလွန်တွင် ထောင်ပြောင်းပို့ခြင်းဖြစ်ပြီး အောက် တိုဘာ ၁၅ ရက် ညနေပိုင်းမှသာထောင်ဆူခြင်းဖြစ်သည်ဟု ဆိုသည်။
“စနေနေ့ရော ၊ တနဂ်နွေနေ့ရော ထောင်ပြောင်းပို့ခြင်းမှာ အစတည်းက စီစဥ်ထားခြင်းသာ ဖြစ်ပြီး ထောင်ဆူသောကြောင့် ထောင်ပြောင်းရခြင်း မဟုတ်ကြောင်း ပခုက္ကူထောင်တွင်း အခြေအနေ များအား ဖော်ထုတ် အတည်ပြုနိုင်ခဲ့ပါတယ်။” မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက ပြောသည်။
“လက်ရှိ နိုင်ငံရေး အကျဥ်းသားတွေကို ရည်ရွယ် ချက်ရှိရှိ အစာရေစာဖြတ်တောက်တာ ၊ သတင်းမှားတွေ ထုတ်လွှင့်တာတွေကို တောက်လျှောက်ပြုလုပ်နေပါတယ်။ အကျဥ်းထောင်တွင်း ဖိနှိပ်မှုတွေက ပိုမိုဆိုးရွားနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) တို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ(IHL)နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဥ်းထောင်များအားလုံးသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ လူသားချင်း စာနာထောက်ထားမှုကို ရှေ့ရှုကာ အကျဥ်းသားအခွင့်အရေး အလွန်အမင်း ချိုးဖောက်ခံနေရမှုများအတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားကြဖို့ တိုက်တွန်း လိုပါတယ်။”ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ ပြန်ကြားရေးတာဝန်ခံက ပြောသည်။


















































