Connect with us

Hi, what are you looking for?

သတင်း

ကလလတ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးနေဟု KNDF ပြော

ကရင်နီဒေသရှိ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကလလတနှင့် ကယန်းပြည်သစ်ပါတီတို့မှာ တော်လှန်ရေး၌ ပါဝင်ခြင်းမရှိဘဲ စီးပွားရေးကိုသာ လုပ်ဆောင်နေကြသည်ဟုဆိုသည်။

ကလလတ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးနေဟု KNDF ပြော
ကလလတ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးနေဟု KNDF ပြော

ဘော်လခဲမြို့နယ် ရွာသစ်ကျေးရွာအနီး ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၁၇ ရက်က ရွာသစ်ကျေးရွာ ဟွေအုန်နှင့်ဟွေအောကြားနယ်မြေကြားတွင် KNDF တပ်ရင်း(၂၁)နှင့် ကရင်နီတပ်မတော်တို့က တိုက်ခိုက်ခဲ့သဖြင့် ကလလတ တပ်ဖွဲ့ဝင်ခြောက်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။

“တိုက်ခိုက်မှုဖြစ်ခဲ့တဲ့အပေါ် မနေ့က(ဒီဇင်ဘာ ၁၉ ရက်) နောက်ဆုံးထားပြီး ဖြေရှင်းဖို့ပြော ထားတဲ့ အကြောင်းပြချက်ရရှိထားတယ်။တခြား မေးစရာ စစ်စရာတွေကလည်း လုပ်ငန်းစဥ် မပြတ်သေးပါဘူး”ဟု KNDF သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ယခုဖြစ်စဥ်ကြောင့် ကရင်နီအင်အားစုများ အကြားညီညွတ်ရေးနှင့် တော်လှန်ရေးအတွက် အခက်အခဲဖြစ်စေနိုင်သဖြင့် အထူးစိုးရိမ်ပူပန် ကြောင်း KNDF ဥက္ကဌက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် KNDF တပ်ရင်း(၂၁)အနေဖြင့် ယခုဘတိုက်ခိုက်မှု ဖြစ်စဥ်သည် မတော်တဆ မှားယွင်းမှုဖြစ်ပါက ခိုင်လုံသောအကြောင်းပြချက်နှင့် ဖြစ်စဥ်များကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီ နောက်ဆုံးထားတင်ပြရန် ညွှန်ကြားထားသည်။

KNDF တပ်ရင်း (၂၁)အနေဖြင့် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်သည်ဟု တွေ့ရှိပါကဖြစ်စဥ်တွင် ဆုံး ဖြတ်ပါဝင်သည့် သက်ဆိုင်ရာ ခွဲမှူး၊စုမှူးနှင့် စိပ်မှူး တို့စာရင်းတင်ပြရန်လည်း ဖော်ပြသည်။

KNDF တပ်ရင်းများအားလုံးအနေဖြင့် ယခုတိုက်ခိုက် မှုဖြစ်စဥ်ကြောင့် စိုးရိမ်လွန်ကဲစွာ တပ်ပြင်ဆင်မှုများမပြုလုပ်ရန်၊ကောလဟာလများ မဖြန့်ကြရန်နှင့် သတိရှိရှိရပ်တည်ကြရန်လည်း KNDFဥက္ကဌက ဆိုသည်။

“အမျိုးသားချင်းသေနတ်ပြောင်းမလှည့်ဖို့ မေ တ္တာရပ်ခံလိုတယ်။ဖြစ်စဥ်မှာ ပါရှိတဲ့သူအားလုံးကို ထိုက်တန်တဲ့အရေးယူမှုတွေရှိမယ် ဆိုတာလည်း KNDFကို ယုံကြည်တယ်”ဟု ကရင်နီဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)ကို ၁၉၇၈တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ခွဲထွက်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် နဝတအစိုးရနှင့် ကလလတ တို့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့ပြီး ၂၀ဝ၉ ခုနှစ်ကစ၍ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ခဲ့သည်။

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်ခံထားသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)သည် တော်လှန်ရေး၌ ပါဝင်မှုမရှိသကဲ့သို့ ဒေသတွင်း ကရင်နီတော်လှန်ရေးတပ်များနှင့် ထိတွေ့မှု မရှိခဲ့ပေ။ ဖရူဆို မိုဆိုရွာအနီး အရပ်သားများ ဖမ်းဆီးခံရစဉ်က ပြန်လွှတ်ပေးရန် စစ်ကောင်စီတပ်များကို ကလလတ BGF တပ်ဖွဲ့များက သွားရောက်တောင်းဆိုရာ BGF ရဲဘော် များကိုပါ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။

သို့ရာတွင် ကလလတ ခေါင်းဆောင်များသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တခုပဲကျနော်တို့ မသိတာက ကလလတက အရင်လုပ်တာလား ကလေးတွေက အရင်လုပ်တာလား ကျနော်တို့ အနေနဲ့ မသိဘူး။ ကလလတ အနေနဲ့ ကျနော်သိသလောက် နယ်ခြားစောင့်တပ်ကနေ မလျှော့သေးဘူး။ ဗိုလ်မှူးချုပ်ထွန်းကျော်က အခုအချိန်ထိ တပ်လစာ စားနေတယ်။ ဆိုတော့ ရှောင်တော့ ရှောင်ကြတယ်။ ပထမက သူ့နေရာ ကိုယ်မဝင် ကိုယ့်နေရာ သူမဝင်ဆိုတဲ့ ပုံစံတော့သိရတယ်။ တပ်တွေ၊ ရဲတွေလည်း လက်နက်မပါနဲ့ပေါ့ စျေးဝယ် တာ ဘာညာ အဲဒီလောက်ထိ ကလေးတွေဘက်က ခွင့်ပြုထားတယ် ပြောတယ် KNDF ဘက်က ။ ဒါပေမဲ့ အခုလို ဖြစ်တယ်ဆိုတော့ နောက်ပိုင်း အခြေအနေ ပိုဆိုးမယ်ထင်တယ်။ နဂိုရ်ကလည်း ဒီဇင်ဘာအတွင်းကို ပွင့်လင်းရာသီမှာ လှုပ်ရှားဖို့ရှိတယ်ပြောတယ်” ဟု ကရင်နီဒေသခံက ပြောသည်။

ကရင်နီဒေသရှိ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကလလတနှင့် ကယန်းပြည်သစ်ပါတီတို့မှာ တော်လှန်ရေး၌ ပါဝင်ခြင်းမရှိဘဲ စီးပွားရေးကိုသာ လုပ်ဆောင်နေကြသည်ဟုဆိုသည်။

“ကျနော်တို့ ကြားသလောက်ဆိုရင် ထွန်းကျော်တို့ ထိပ်ပိုင်းလောက်သာ စစ်ကောင်စီနဲ့ ပေါင်းချင်တာ။ လူငယ်တွေတော်တော်များများ ကတော့ တချို့တွေကတောင်မှ KA တို့ KNDF ထဲကို ရောက်ကုန်ပြီ” ဟု ကရင်နီဒေသခံက ပြောသည်။

ထို့ပြင် မကြာသေးမီက ဖယ်ခုံဒေသ၌ ကယန်းပြည်သစ်က ဘာသာရေးဆရာများကို အသုံးပြုပြီး အပစ်ရပ်စဲရေးလုပ်ဆောင်ရန် ကြိုးပမ်းမှုရှိခဲ့သည်ဟုဆိုသည်။

“ဖယ်ခုံတကြောမှာ ကယန်းပြည်သစ်ဘက်ကနေပြီးတော့ ကတ်သလစ်ဆရာတော်ဘုန်းတော်ကြီးတွေကနေပြီးတော့ AA လိုပုံစံမဟုတ်တောင် ဘာသာရေး အဖွဲ့နဲ့ နားလည်မှုနဲ့ အပစ်အခတ်ရပ်ဆိုတဲ့ ပုံစံလုပ်လိုက်တယ်။လုပ်လိုက်တဲ့အခါ ကလေးတွေက ငါတို့နယ် သွားပြန်ကြည့်မယ်ဆိုတဲ့အချိန် တောက်လျှောက် လက်နက်ကြီး မိုးရွာသလို တလစပ်ပစ်တော့ ကလေးတွေ နည်းနည်းအထိအခိုက်တွေရှိတယ်။ ရှိတဲ့အခါ အဲဒီနောက်ပိုင်း သူတို့ ပြောတာက ရန်ငါပြတ်ဖို့ပေါ့။ ကလလတနဲ့ကယန်းပြည်သစ်ကို ရန်ငါပြတ်ဖို့တော့ ပြောထားတာရှိတယ်” ဟု ကရင်နီဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။