ချင်းပြည်နယ် တွန်းဇံမြို့နယ် ဒါရ်ခိုင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)က မီးရှို့ဖျက်ဆီးလိုက်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။
အမှတ်(၂၆၈)ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းကို CNAတပ်ဖွဲ့က မတ်လ ၁၇ရက်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း The Rihli Voiceက ဖော်ပြခဲ့ရာ ဆလိုင်းထက်နီက အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါ တပ်စခန်းသည် ၂၀၂၂ နိုဝင်ဘာ ၁ရက် တွင် ရုတ်သိမ်းသွားခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။
ယင်းတပ်စခန်းရှိ စစ်ကောင်စီတပ်သားများကို ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း The Rihli Voiceက ဖော်ပြသည်။ ဒါရ်ခိုင်းရွာသည် မြန်မာ- အိန္ဒိယနယ်စပ်၌ တည်ရှိသည့် ကျေးရွာဖြစ်သည်။

Public Service Announcement

ချင်းပြည်နယ် ဒေသအချို့တွင် အရင်ကလည်း အင်အားနည်းသည့် စစ်ကောင်စီတပ်စခန်းအချို့ စခန်းကို စွန့်ခွာရုတ်သိမ်းခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။


ချင်းပြည်နယ်တွင် CNA နှင့် ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်တို့ အားကောင်းလာပြီး ထန်တလန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ စစ်ကောင်စီ တပ်စစ်ကြောင်း၊ ယာဉ်တန်းနှင့် တပ်စွဲရာနေရာများကို တိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။


















































