မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တပ်စွဲရာနေရာများအား ဒရုန်းဖြင့် ပြင်းအားမြှင့်ဗုံးသီးများချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myingyan District Drone Strikeအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မတ်လ ၂၇ ရက်က မြင်းခြံမြို့နယ်၊ရကိုင်းကျေးရွာနှင့် ဂင့်ဂဲကျေးရွာတို့ရှိ စစ်ကောင်စီတပ်နှင့်ပျူများ တပ်စွဲထားသောနေရာများအား ဒရုန်းဖြင့် M9 ဗုံးသီး လေးလုံးစီချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့ တိုက်ခိုက်မှုများတွင် ကိုင်းကျေးရွာမှ စစ်ကောင်စီတပ်သား လေးဦး၊ ဂင့်ဂဲကျေးရွာမျ စစ်ကောင်စီတပ်သား နှစ်ဦး စုစုပေါင်း ခြောက်ဦးအား လူနာတင်ကားဖြင့် မြင်းခြံဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ထိုနေ့ကပင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းအား ဒရုန်းဖြင့် ပြင်းအားမြှင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement

“ကိုင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ ဂင့်ဂဲရွာ မှာတပ်စွဲထားတဲ့ စခန်းကို ညနေ၃နာရီလောက်မှာ တပြိုင်တည်း တိုက်ခိုက်တာ။ ကိုင်းစခန်းနဲ့ ဂင်ဂဲစခန်းက တစ်မိုင်ပဲဝေးတာပါ။ ရုံးစည်ကြီး ရဲစခန်းကိုတော့ ည ၁ဝ နာရီနောက်ပိုင်းမှာတိုက်တာပါ။ ရုံးစည်ကြီးအထိအခိုက်ကတော့ စုံစမ်းနေတုန်းပဲ။”ဟု အဆိုပါအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးများကို Myingyan District Drone Strike အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း၊ အမှတ်(၃)တပ်ရင်းနှင့် အမှတ်(၄)တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်အား အရှိန်မြှင့် တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့်ဝေးရာတွင် နေထိုင်ကြရန် သတိပေးထားသည်။
Myingyan District Drone Strike အဖွဲ့နှင့်မဟာမိတ်အဖွဲ့များသည် မတ်လ ၂၅ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ တောင်ကြားစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံးသီး ရှစ်လုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များရှိကြောင်း ထုတ်ပြန်ထားသည်။


















































