Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၂၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ပြည်သူလူထုရဲ့ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်

စစ်ကောင်စီရဲ့ လက်ဝေခံရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီများကို ဖျက်သိမ်းခွင့်၊ ​အတည်ပြုခွင့်လုံးဝမရှိဘဲ ပြည်သူလူထုရဲ့ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့မှုအပေါ် NLD ပါတီက တုံ့ပြန်ထုတ်ပြန်လာတာပါ။ NLD ဟာ အခုနွေဦးတော်လှန်ရေးမှာ ပြည်သူ့ဆန္ဒများဖြစ်တဲ့ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ပါဝင်ပတ်သက်မှုလုံးဝမရှိစေရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတို့အတွက် တိုင်းရင်းသား ညီအစ်ကိုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ လက်တွဲကာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်
ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်

▪️NLD ကို ဖျက်သိမ်းတဲ့စစ်ကောင်စီလုပ်ရပ် မြန်မာ့အရေးဖြေရှင်းဖို့ ခက်ခဲသွားစေတယ်လို့ ဂျပန်ဆို

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ဖျက်သိမ်းတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ မြန်မာ့အရေးဖြေရှင်းဖို့အတွက် ပိုမိုခက်ခဲသွားစေတယ်လို့ ဂျပန်အစိုးရက သဘောထားထုတ်ပြန်လိုက်ပါတယ်။ NLD ကို နိုင်ငံရေးကနေ ထပ်မံဖယ်ထုတ်တာဟာ မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို ဖြေရှင်းရာမှာ ပိုခက်ခဲသွားစေတယ်လို့ ဂျပန်အစိုးရကဆိုပါတယ်။ ဂျပန်အစိုးရအနေနဲ့ အခြေအနေအရပ်ရပ်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာစစ်တပ်ကို အစဉ်တစိုက်တိုက်တွန်းခဲ့တယ်လို့ ဒီနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ဖို့ နဲ့ သက်ဆိုင်သူအားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့အဖြေရှာဖို့ မြန်မာစစ်တပ်ကို ဂျပန်အစိုးရက တိုက်တွန်းပါတယ်။

လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူချိန်က ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်(ပုံဟောင်း)
Myanmar’s State Counsellor and Foreign Minister Aung San Suu Kyi (R) talks with Japan’s Foreign Minister Fumio Kishida at a hotel in Tokyo on November 3, 2016. Suu Kyi is in Tokyo on her first visit since becoming her country’s de facto leader earlier in 2016. / AFP PHOTO / POOL / Kazuhiro NOGI

▪️ခိုင်မာသော တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း လက်နက်ကိုင်မဟာမိတ် ၈ ဖွဲ့ တိုက်တွန်း

တော်လှန်ရေးအောင်ပွဲရရှိရေးအတွက် နိုင်ငံရေးအရ၊ စစ်ရေးအရ ခိုင်မာညီညွတ်မှုရှိတဲ့ တပ်ပေါင်းစု တစ်ရပ်ဖွဲ့ပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ဖို့ ​နွေဦး​တော်လှန်​ရေးနဲ့အတူ​​ ပေါက်ဖွားလာ​တဲ့ လက်နက်ကိုင် ၈ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ တော်လှန်ရေးအင်အားစုအဖွဲ့များအကြား အပြန်အလှန်လေးစားယုံကြည်မှု၊ သဘောထားကြီးမှု၊ ရိုးသားမှုများကို သန္ဓေတည်ကာ ခိုင်မာသော တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသင့်တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတပ်တော်-PRA(မ​ကွေး)ရဲ့ ၂ နှစ်ပြည့်မွေးနေ့ မတ် ၂၈ ရက်မှာ ပူးတွဲသဘောထား ထုတ်ပြန်ခဲ့တာပါ။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ လူတန်းစားအလွှာအသီးသီးမှ ကျောင်းသားပြည်သူများ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ စုစည်းပြီး အကျယ်ပြန့်ဆုံးသော တပ်ပေါင်းစုကြီးရဲ့ တော်လှန်ရေးလှုပ်ရှားမှုဖြင့်သာ အောင်ပွဲရနိုင်မယ်လို့ လက်နက်ကိုင်မဟာမိတ်ဖွဲ့ ၈ ဖွဲ့က ယုံကြည်ကြောင်းလည်း​ဖော်ပြပါတယ်။ အဲဒီပူးတွဲထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ထောက်ခံလိုက်ပြီး တော်လှန်ရေးအင်အားစုများအကြား နည်းလမ်းပေါင်းစုံ ညှိနှိုင်းဆောင်ရွက်နေကာ တိုးတက်မှုများလည်းရှိတယ်လို့ မှတ်ချက်ပြုပါတယ်။

Public Service Announcement

Public Service Announcement

▪️မကွေးတိုင်းရှိ PDF တပ်ရင်းများကို NUG လက်နက်များ စတင်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပတဲ့ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်က မကွေးတိုင်းတစ်နေရာမှာ ကျင်းပခဲ့ပြီး လက်နက်ပေးအပ်ခြင်းအစီအစဉ်များဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီးကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနဲ့စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

▪️ဖလမ်းနဲ့ ဟားခါးကြား ချင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၁၀ ဦးကျော် ထပ်မံသေ

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို မတ်လ ၂၇ ရက်က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးကျော်သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ဟားခါး စစ်ဗျူဟာသို့ ရိက္ခာ၊အင်အားဖြည့်တင်းဖို့ မတ်လ ၈ ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေလို့ သုံးပတ်ခန့်ကြာသည်အထိ ဟားခါးမြို့သို့ မရောက်နိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

▪️ဒီးမော့ဆို စစ်ရှောင်များရှိရာနေရာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူများနေထိုင်ရာနေရာကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ စစ်ရှောင်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ညနေပိုင်းက စစ်ကောင်စီဟာ တိုက်လေယာဥ်အသုံးပြုပြီး စစ်ရှောင်ပြည်သူများနေရာသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒေါရောက်ခူ ရွာလေးကို လေယာဉ်နဲ့ အကြမ်းဖက်အုပ်စုက ဘာတိုက်ပွဲမှမရှိဘဲ ဗုံးလာကြဲသွားတာလိို့ ဒီးမော့ဆိုမြို့ခံတစ်ဦးက ရှင်းပြပါတယ်။

(ကရင်နီဒေသ၌ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအားတွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီဒေသ၌ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအားတွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️တောင်ငူလေတပ်‌စခန်းဌာနချုပ်ကို ရှော့တိုက်ဒုန်းရှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို ‘Rain Of Fire’ စစ်ဆင်ရေးအဖြစ် KNLA နဲ့ PDFပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်တပ်လေတပ်စခန်းကိို မတ် ၂၅ ရက်မှာ ရှော့တိုက်ဒုန်းလေးလုံး၊ မတ် ၂၇ ရက်မှာ ရှော့တိုက်ဒုန်းလေးလုံး စုစုပေါင်း ရှော့တိုက်ဒုန်းရှစ်လုံးအသုံးပြုကာ PDF ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်မှုများအတွင်း လေတပ်စခန်း ဗုံးဂိုထောင်အနီး၊ ဆီလှောင်ကန်အနီးနဲ့ လေယာဉ်ဂို‌ထောင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လေတပ်စခန်းအတွင်းမှ မီးခိုးများ အူထွက်လာခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SBTF ရဲဘော်များ။ ဓာတ်ပုံ - SBTF)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SBTF ရဲဘော်များ။ ဓာတ်ပုံ – SBTF)

▪️ဆောနယ်မှာ စစ်ကောင်စီတပ်က သံဃာတော်တစ်ပါးနဲ့ အမျိုးသမီးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

မကွေးတိုင်း ဆောမြို့နယ်ရှိ စံကျေးရွာမှ သံဃာတော် တစ်ပါးနဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ပန်းဆန်ကျေးရွာမှထွက်လာတဲ့ စစ်ကောင်စီတပ်များဟာ တေးကျေးရွာသို့ ဒီနေ့ ရောက်ရှိပြီး ဘုန်းကြီးကျောင်းနဲ့ ပြည်သူ့နေအိမ်များမှာ တပ်စွဲထားကြောင်း၊ စံရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်အင်အား ၈၀ ခန့်ဟာ ဒီနေ့ မနက်မှာ ရွာတောင်ဘက် စံတောင်ရိုးဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးက အသိပေးပါတယ်။ စံရွာမှ ဘုန်းတော်ကြီးနဲ့ စစ်ရှောင်တစ်ဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်တယ်လို့ ဒေသခံက ပြောပါတယ်။

▪️မြင်းခြံခရိုင် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲနေရာသုံးခုကို ဒရုန်းနဲ့တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးများ တပ်စွဲရာနေရာများကို ဒရုန်းနဲ့ ပြင်းအားမြှင့်ဗုံးသီးများချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ Myingyan District Drone Strikeအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မတ်လ ၂၇ ရက်က ​မြင်းခြံမြို့နယ်၊ ရကိုင်းကျေးရွာနဲ့ ဂင့်ဂဲကျေးရွာတို့ရှိ စစ်ကောင်စီတပ်နဲ့ ပျူများ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ M9 ဗုံးသီး လေးလုံးစီချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုများကြောင့် ကိုင်းကျေးရွာမှ စစ်ကောင်စီတပ်သား လေးဦး၊ ဂင့်ဂဲကျေးရွာမှ စစ်ကောင်စီတပ်သား နှစ်ဦး စုစုပေါင်း ခြောက်ဦးကို လူနာတင်ကားနဲ့ မြင်းခြံဆေးရုံသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းကို ဒရုန်းနဲ့ ပြင်းအားမြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strikeအဖွဲ့ က အသိပေးပါတယ်။

(ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေသည့် Myingyan District Drone Strike အဖွဲ့သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - MDDS)
(ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေသည့် Myingyan District Drone Strike အဖွဲ့သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – MDDS)

ဆက်စပ်သတင်းများ