Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၃၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နွေဦးတော်လှန်ရေးဟာ အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးဟာ လူထုရဲ့လွတ်လပ်ခွင့်နဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပြီး အုပ်စုအကျိုးစီးပွားများနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးမဟုတ်ကြောင်း ပြတ်သားစွာနားလည်ထားကြဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(၂)နှစ်ပြည့် အခမ်းအနားမှာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့တာပါ။ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသကဲ့သို့ စုပေါင်းခေါင်းဆောင်မှုစံနှုန်းကိုလည်း အခြေပြုထားတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရမယ်လိို့ တိုက်တွန်းပါတယ်။

နွေဦးတော်လှန်ရေးသည် အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု နားလည်ထားရန် ယာယီသမ္မတပြော
နွေဦးတော်လှန်ရေးသည် အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု နားလည်ထားရန် ယာယီသမ္မတပြော

▪️ငှက်ကင် Project Dragonfly ရန်ပုံငွေတွေ အလေအလွင့်မရှိသုံးစွဲနေဟု NUG ကာကွယ်ရေးအသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတကာ Fundraiser များထံမှတဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း လက်ခံရရှိသုံးစွဲနေရာ တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် ဒေါ်လာ ၈ သိန်း လျာထားသုံးစွဲနေတယ်လို့ ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ ရရှိထားတဲ့ ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄သန်း လျာထား သုံးစွဲနေတယ်လို့ ဆိုပါတယ်။ ပြည်သူများထံမှ ရရှိတဲ့ ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့တယ်လို့ အသိပေးပါတယ်။

▪️မူဆယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ဒီနေ့ နေ့ခင်းက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ‌ရှိတယ်လို့ ဒေသခံများက‌ ပြောပါတယ်။ မူဆယ်မြို့ သိန်းသန်းချီကားဝင်းအတွင်း ဂိတ်စောင့်နေတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုမှာ အရပ်သား နှစ်ယောက်လည်း ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာရသူအရပ်သားနှစ်ဦးမှာ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(ပစ်ခတ်ခံရမှုကြောင့် သေဆုံးနေသော ပြည်သူ့စစ်​တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပစ်ခတ်ခံရမှုကြောင့် သေဆုံးနေသော ပြည်သူ့စစ်​တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️အရပ်သားပြည်သူအပေါ် အကြမ်းဖက်ဖို့ ဝန်မလေးကြောင်း စစ်ကောင်စီ ထပ်တလဲလဲဖော်ပြနေဟု ICNCC ထုတ်ပြန်

ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ဖို့ ဝန်မလေးကြောင်း ထပ်မံပြသတာဖြစ်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ခွာဖိုရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အသက် (၆)နှစ်နဲ့ (၉)နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၈ဦးမှာ အမျိုးသမီး ၅ဦး ပါဝင်ပြီး အရပ်သားပြည်သူ အနည်းဆုံး(၂၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လိို့ ICNCCက ဖော်ပြပါတယ်။ ချင်းတစ်မျိုးသားလုံးအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို တစ်ခဲနက်ဆက်လက်ဆန့်ကျင်တော်လှန်ကြဖို့ ICNCC က တိုက်တွန်းပါတယ်။

(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling
(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling

▪️စစ်ကောင်စီတပ်ကို ကရင်နီပူး​ပေါင်းတပ်တိုက်ခိုက်၊ ၂၀ ဦးထက်မနည်းသေ

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ တပ်မ(၉၉)လက်အောက်ခံ ခလရ (၂၈၇)တပ် တိုက်ခိုက်ခံရပြီး ၂၀ ဦးထက်မနည်းသေဆုံးတယ်လိို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ လက်နက်နဲ့ ခဲယမ်းအချို့ကိုလည်း ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့တယ်လိို့ သိရပါတယ်။ မတ်လ နောက်ဆုံးပတ်က ကရင်နီစစ်မြေပြင်မှာ ခလရ (၂၈၇)တပ်ကို ကရင်နီပူး​ပေါင်းတပ်များက တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်လို့ လုံခြုံရေးအရ နေရာကို မဖော်ပြသေးဖို့ မေတ္တာရပ်ခံထားပါတယ်။

▪️ရွှေကူနယ် လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းများ ဝင်ရောက်မီးရှို့ခြင်းတို့ကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျ

ကချင်ပြည်နယ် မံဝိန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကြောင်းများ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ကျော် မီးလောင်ပြာကျခဲ့ရတယ်လို့ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက မံဝိန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးကူးစက်မှုများ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်မ(၈၈)လက်အောက်ခံတပ်များဟာ ကျေးရွာအတွင်း နေအိမ်များကို မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

▪️NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းမှုကို အမေရိကန် ပြင်းထန်စွာရှုတ်ချ

စစ်အာဏာရှင်အဖွဲ့အစည်း လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ​ ၄၀ ကို ဖျက်သိမ်းဖိို့ ဆုံးဖြတ်ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ထုတ်ပြန်ပါတယ်။ ပြည်သူများဟာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD နဲ့ အခြားပါတီများကိုသာ တခဲနက် ပြန်လည်ရွေးချယ်ပြီး ထောက်ခံမဲပေးခဲ့ကြကြောင်းနဲ့ နိုင်ငံရေးပါတီများကို ဖျက်သိမ်းတဲ့ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများရဲ့ ဆန္ဒသဘောထားနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ပြီးမထေမဲ့မြင်ပြုကြောင်း ဖော်ပြနေတယ်လိို့ ဝန်ကြီးဘလင်ကန်က ဆိုပါတယ်။ နောက်ပြီး အာဏာရှင်အဖွဲ့အစည်းရဲ့ ပြစ်ချက်များစွာပြည့်နှက်နေတဲ့ ရွေးကောက်ပွဲဟာ ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များရဲ့ ဆန္ဒကို ကိုယ်စားပြုမှာ မဟုတ်ကြောင်း အခုလုပ်ရပ်က ထပ်လောင်းဖော်ပြတယ်လို့ ထုတ်ပြန်ပါတယ်။

▪️မိုးညှင်းလွှတ်​တော်အမတ်​ ဒေါ်သက်ထား​နှောင်း ​​ထောင်ဒဏ် ၁၁ နှစ်ချခံရ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်ထားနှောင်းကိို စစ်ကောင်စီက မနေ့က ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်သက်ထားနှောင်းကို မြစ်ကြီးနားအကျဉ်းထောင်တရားရုံးမှာ ပုဒ်မ ၅၀(ည)နဲ့ ထောင် ၁၁ နှစ်ချမှတ်လိုက်တာလိို့ ဒေသခံတစ်ဦးက ပြောပါတယ်။မတရားဖမ်းဆီးခဲ့ပြီး မတရားသဖြင့်ထောင်ဒဏ်ချမှတ်ခံရကာ မတရားအမိန့်ချတဲ့ တရားသူကြီးတွေလည်း ဝဋ်လည်ပါစေလို့ မိုးညှင်းမြို့ခံတစ်ဦးက ပြောပါတယ်။

(၂၀၂၀ ​ရွေး​ကောက်ပွဲ အနိုင်ရ မိုးညှင်းပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်။ဓါတ်ပုံ-NLD)
(၂၀၂၀ ​ရွေး​ကောက်ပွဲ အနိုင်ရ မိုးညှင်းပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်။ဓါတ်ပုံ-NLD)

▪️စဥ့်ကူးနယ်မှာ စစ်ယာဥ်တန်းကိို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်စီးထိ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခို​က်ရာ နောက်ဆုံးယာဥ်နှစ်စီးမိုင်းထိပြီး သုံးဦးသေဆုံးတယ်လို့ ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်​ဒေါင်းမင်းက ပြောပါတယ်။ ဒီနေ့ မနက်က စဥ့်ကူးမြို့နယ် ပင်လယ်ကြီးဂိတ်ဘက်မှ မောင်းလာတဲ့ ခုနစ်စီးပါယာဥ်တန်းကို ပဒေသာမိုင်း ၁၀ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိတယ်လို့ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးရှိ ခူလယ်ကျေးရွာ ဝင်ရောက်ကာ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

▪️ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူး​ပေါင်း​ဆောင်ရွက်မည်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ဟာ တရားဥပဒေစိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ သတင်းဖလှယ်ရေးကိစ္စများမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းထားရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ အသိအမှတ်ပြု ဖွဲ့စည်းထားတဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဖက်မှ ရပ်တည်ကာ CDM ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အများစုနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ အဲဒီရဲတပ်ဖွဲ့တွေဟာ လွတ်လပ်မျှတ၍ တန်းတူညီတူရှိမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ဖို့၊ ပြည်သူလူထုကို အသွင်သစ်နဲ့ ပြည့်ဝတဲ့ ဝန်ဆောင်မှုများပေးနိုင်ဖိို့၊ ပြစ်မှုကျူးလွန်သူမည်သူမျှ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေဖို့ စတဲ့ ဘုံသဘောတူညီချက်များထားရှိဆောင်ရွက်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့များဖြစ်တယ်လိို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ