Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းတိုက်နေချိန် စစ်တပ်စစ်ကြောင်းထိုးနေ၍ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ပြည်သူသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကနီနှင့် ခင်ဦးမြို့နယ်များနှင့် မကွေးတိုင်းရှိ မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ကနီနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ))
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ကနီနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ))

မိုခါမုန်တိုင်းတိုက်ခတ်နေချိန် အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ် လေးခုတွင် စစ်ကြောင်းထိုးနေ၍ အဆိုပါ ဒေသများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ ‌ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကနီနှင့် ခင်ဦးမြို့နယ်များနှင့် မကွေးတိုင်းရှိ မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

မိုခါမုန်တိုင်းအကျိုးဆက်ကြောင့် ကနီမြို့နယ်တွင် မိုးနှစ်ရက်ဆက်ရွာသွန်းနေပြီး စစ်ကောင်စီတပ်က ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာအုပ်စု (၅)စုမှ ဒေသခံပြည်သူ ၁,၃ဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီနယ်ခံတစ်ဦးဖြစ်သူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောသည်။

“ငတ်ပြတ်နေတဲ့ ပျူစောထီးရွာအတွက် ရိက္ခာသယ်ပေးဖို့လာတာဖြစ်မယ်။”ဟု ကနီဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကနီနယ်အတွင်း မြစ်ချောင်းများမှာလည်း ရေပြည့်လာ၍ စစ်ဘေးရှောင်များ ခက်ခဲစွာဖြတ်သန်းနေရသည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement
Public Service Announcement

“မုန်တိုင်းဘေးရော ‌ခွေးဘေးရောကြုံတာပ။ အိမ်က နွားတွေ၊ကျွဲတွေ အကုန် လွှတ်ခဲ့ရတယ်။ စစ်ကြောင်းက တွေ့တာနဲ့ ပစ်သတ်တာ။ လူ‌တွေလည်း အသတ်ခံရတယ်”ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကနီနှင့်ယင်းမာပင်နယ်စပ်၌ စစစ်ကြောင်းထိုး‌နေပြီး နှစ်ရက်အတွင်း အရပ်သားပြည်သူ ခြောက်ဦးကို သတ်ဖြတ်သွားကြောင်းဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် နဘူးတောနှင့် မဲဇယ်တောရွာမှ အရပ်သား ၆ ဦးကို သတ်ဖြတ်သွားသည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူများထဲတွင် အသက် (၇)နှစ်ခန့် ကလေးငယ်နှစ်ဦးပါဝင်သည်ဟု KLG PDF မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ ထို့အပြင် ထန်းဇင်ရွာမှ သားအမိနှစ်ဦးလည်း စစ်ကောင်စီကပစ်သော လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

“မနေ့က တနေကုန်ပြေးရတယ်။ ဒီနေ့ရော ပြေးနေရတယ်။ မိုးထဲလေထဲ ငတ်ကြ၊ ပြတ်ကြနဲ့။ ဒါပေမယ့် ကျွန်မတို့မှာ ရင်ဆိုင်ရဲတဲ့သတ္တိရှိတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ်တွင်လည်း ယမန်နေ့က အင်အား၅၀ ခန့်ရှိသည့်စစ်ကြောင်းသည် မြိုင်မြို့မြောက်ပိုင်းရှိ ကျေးရွာအချို့၌ စစ်ကြောင်းထိုးနေ၍ အဆိုပါဒေသရှိ ပြည်သူများမှာ မိုးထဲ၊ရေထဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်း လက်တလောမိုးရွာသွန်းနေပြီး စစ်ဘေးရှောင်များနေထိုင်ရေး အခက်အခဲအချို့ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“စစ်ဘေးရှောင်တွေတော့ နေရထိုင်ရအခက်အခဲဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကိုလည်း ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးထားတယ်။”ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အလားတူ ခင်ဦးမြို့နယ်တွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းနေသည့်ကြားက စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် (၄)နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မုံရွာမြို့တွင်လည်း မြို့ပတ်လမ်းအနီး ကျောက်စစ်ပုံ အမြှောက်တပ်ထဲမှ ယနေ့နံနက် ၁၀နာရီခန့်ကစ၍ မွန်းလွဲပိုင်းအထိ လက်နက်ကြီးများဖြင့် ခိုးသန်းကျေးရွာဘက်သို့ ပစ်ခတ်နေ၍ ပြည်သူများမှာ မိုးရေအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယခုအခါ ဘင်္ဂလားပင်လယ်အော်ရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် အားအလွန်ပြင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် လင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းထိစပ်ဒေသကို ယနေ့( မေ ၁၄ရက်)နေ့လည်တွင် ဝင်ရောက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ မကွေးတိုင်း၊နှင့်ချင်းပြည်နယ်တို့တွင်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းလည်းကျရောက်နိုင်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ မျက်မြင်လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က အသိပေးသည်။