မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယမားချောင်းရေလျှံပြီး ကျေးရွာ ၁၂ ရွာထက်မနည်း ရေနစ်မြုပ်ခဲ့ကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံကာ ကျေးရွာအများအပြားရေနစ်မြုပ်ခဲ့ကြောင်း၊တောင်သူများ၏ စိုက်ခင်းများနှင့်မွေးမြူရေးတိရိစ္ဆာန်များ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“အားလုံးပေါင်း ၁၂ရွာလောက်ရှိတယ်လို့သိရတယ်။ မြောက်ယမားဘေးတလျှောက်က ကျေးရွာအကုန်နီးပါး ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။”ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ရေကြီးမှုကြောင့် ယင်းမာပင်-ညောင်ပင်ကြီးသွား ကားလမ်း၊ ကောင်းဆင့်တံတား ချဥ်းကပ်လမ်းများ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းကြောင့်ရေဘေးသင့်ခဲ့သော ကျေးရွာများတွင် စားနပ်ရိက္ခာ၊သောက်သုံးရေသန့်နှင့် အဝတ်အထည်များ၊ ဆေးဝါးများလိုအပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ဒေသခံများတိမ်းရှောင်နေရပြီး မုန်တိုင်းကြောင့်လမ်းများပျက်စီးနေ၍ သွားလာရေးအခက်အခဲရှိကြောင်း နယ်ခံများက ပြောသည်။
မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စိုက်ပျိုးထားသော သီးနှံဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနေအိမ်နှင့် အိမ်အသုံးအဆောင်များပျက်စီးခြင်း၊ လူနှင့်တိရိစ္ဆာန်များ မျောပါသေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
