စစ်ကောင်စီတပ်က ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သုံး ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် က ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
မေလ၁၉ ရက် နံနက် ၁၀နာရီခန့်က ကန့်ဘလူမြို့နယ်၊ဇီးကုန်းတိုက်နယ်တွင်းရှိ ဘုတ်ကုန်းရွာတွင် ၂ ရက်ခန့် ယာယီအထိုင်ချနေသော စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း ခမရ (၃၆၈)မှ အင်အား ၁၅၀ ပါစစ်ကြောင်းနှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ၁နာရီကြာ ထိတွေ့မှုဖြစ်ပွားခဲ့သည်။
မေလ ၂၀ရက်တွင် အဆိုပါ စစ်ကောင်စီတပ်သည် ဘုတ်ကုန်းကျေးရွာမှထွက်သွားချိန် ၎င်းတို့၏ နောက်ချန်ကင်းအား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိ၍ ရှေ့ဆက်မတိုးသာဘဲ ဘုတ်ကုန်းရွာအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် အင်အားပြန်ဖြည့်ပြီး ဘုတ်ကုန်းကျေးရွာမှ ပြန်အထွက်တွင် ထိတွေ့မှုထပ်မံဖြစ်ပွာခဲ့ပြီး ၁နာရီခွဲခန့်ကြာမြင့်ခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ရှိရာသို့ လက်နက်ကြီးများ၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းတို့မှာ အထိနာသွားခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

“စစ်တပ်ဘက်ကသေတယ်။ ကျွန်တော်တို့ဘက်ကဆယ်ယောက်ဒဏ်ရာရတယ်။ တစ်ယောက်မှတော့ မစိုးရိမ်ရတော့ဘူး”ဟု ကန့်လလူမြို့အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့မှရဲဘော်တစ်ဦးကပြောသည်။
ထို့နောက် စစ်ကောင်စီတပ်က ဘုတ်ကုန်းရွာအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ပျက်စီးအိမ်ခြေမှာမူ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (မေလ ၂၁ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် အဆိုပါ စစ်ကြောင်းသည် ဘုတ်ကုန်းကျေးရွာမှ ထွက်ခွာသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

” ၃ ရက်ဆက်တိုက်ဖြစ်တာပါ။ ပထမ ရွာအဝင်ကတည်းက မိုင်းဆွဲတာတို့ပစ်ခတ်တာတို့ရှိတယ်။ ထိခိုက်မှုတော့ မသိရဘူး။ ထမ်းသွားတာပိုးသွားတာတွေမြင်ရတယ်။ အခုတော့ကြာဖက်ကန် ရွာဘက်ရောက်သွားပြီ။”ဟု Kanbalu Underground Warriors အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းစစ်ဆင်ရေးကို Kanbalu Underground Warriors ၊မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့ ၊ MPF-U18၊ လင်းယုန်နီ ၊နယ်မြေခံ(ပကဖ)အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
“စစ်ကြောင်းရှိတော့ရှိနေသေးတယ်။ ငြိမ်နေသေးတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မေလ ၁၈ ရက်နှင့် ၁၉ ရက်ကလည်း ကန့်ဘလူမြို့နယ်အတွင်းရှိ မန်ကျည်းကုန်းရွာကနေအိမ် ၁၄ လုံး၊ဆူးတပ်ရွာက အိမ်ခြေ အလုံး ၂၀တို့အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။
စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊အရှေ့ခြမ်းနှင့်တောင်ခြမ်းအား ဧပြီလ ၂၀ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
” ကန့်ဘလူကို စစ်ကြောင်းနှစ်ကြောင်းမွှေနေတာ။ ဒီနေ့(မေလ၂၂ရက်)ဆိုရင် တစ်ကြောင်းက ဘုတ်ကုန်းကိုရောက်နေပြီ။ နောက်တစ်ကြောင်းက ဖလံချိုင်မှာ”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်၏ ဧပြီ ၂၀ရက်မှ မေ ၂၀ရက်အတွင်း ကန့်ဘလူမြို့နယ်မှ ပုဏ္ဏားငယ်၊လေးတွင်းစဥ်၊ချောင်းသာ၊မြေမွန်၊တရော်ကိုင်း၊ကန်ကြီးတောတဲတိုက်၊ဖိုလ်ကုန်း၊ထောက်ရှာအိုင်၊ခအုံးတာ၊သရက်ခေါင်း၊ငါးရာနဲ(မ)၊ချင်မြစ်ကျင်း၊သိုးဘိုး၊ညောင်ပေါင်ရင်း၊ဉာဏ်အင်း၊ဖလံချိုင်၊မန်ကျည်းကုန်း၊ဆူးတပ်၊ဘုတ်ကုန်းနှင့် ပစ်တိုင်းထောင်ရွာတို့အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်ထားသည်။
” အခု စစ်ကြောင်းထိုးနေတဲ့ ရွာတွေနားမှာ ပျူရွာတွေရှိနေတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေ စစ်ရေးလှုပ်ရှားဖို့ သိပ်မလွယ်ဘူး။ လုပ်တော့လုပ်နေပါတယ်”ဟု မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
