ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းအချို့အပါအဝင် ဒရုန်းများ သိမ်းဆည်းရမိကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို PDF အမှတ်(၁၁၀၂)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီက အင်အား ရာနှင့်ချီ စစ်ကြောင်းထိုးလာတာကြောင့် ဖယ်ခုံမြို့နယ် လွယ်လုံ၊ ခေါင်အိ၊ လတူးနဲ့ စက်တော်ရာ ကျေးရွာများ၌ မေလ၂၀ ရက်ကစတင်ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

“စဖြစ်တဲ့နေ့ ပြီးတော့ နောက်တစ်ရက်မှာ နယ်မြေရှဂ်းလင်းရေးဝင်တဲ့အချိန် စစ်သား အလောင်း ၁၂ လောင်းနဲ့ ခဲယမ်းအချို့ပါ ဒရုန်းတွေပါသိမ်းဆည်းနိုင်ခဲ့တယ်”ဟု ၁၁၀၂ တပ်ရင်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မေလ၂၀ ရက်မှ ၃၁ ရက်အထိ ၁၂ ရက်တာအတွင်း တိုက်ပွဲပေါင်း အနည်းဆုံး ၆ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း ၁၁၀၂တပ်ရင်းက အသိပေးသည်။

Public Service Announcement

“စစ်ကောင်စီက အင်အားရာကျော်လောက်နဲ့ စစ်ထိုးလာတာ။ဒီကြားထဲမှာ လေကြောင်းကနေ ပစ်ကူပေးပြီး တိုက်ခိုက်ခဲ့တာရှိတယ်။အခုထိလည်း စစ်ရေးတင်းမာနေတုန်းပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ စစ်ကောင်စီတပ်ကို တပ်ရင်း (၁၁၀၁)၊ တပ်ရင်း (၁၁၀၂)၊ တပ်ရင်း (၁၁၀၆)၊ တပ်ရင်း (၁၁၀၇) အပါအဝင် မိုးဗြဲ PDF၊ ဖယ်ခုံ PDF တပ်ဖွဲ့များ စုစည်းတိုက်ခိုက်နေသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လေးဦး ထိခိုက်ခဲ့ကြောင်းသိရသည်။


















































