Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကူညီရေး နှောင့်နှေးနေလို့ မရတော့ဘူးလို့ UNDP ဌာနေ ကိုယ်စားလှယ် သတိပေး

မုန်တိုင်းရဲ့ဒဏ်ကို သက်ရောက် ခံစားခဲ့ရတဲ့ နေရာဒေသတွေကို နိုင်ငံတကာ အထောက်အပံ့တွေ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိဖို့က အရေးတကြီး လိုအပ်ချက် ဖြစ်လာနေပြီလို့လည်း မစ်ထရာက ဆက်ပြောပါတယ်။

မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကူညီရေး နှောင့်နှေးနေလို့ မရတော့ဘူးလို့ UNDP ဌာနေ ကိုယ်စားလှယ် သတိပေး
မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကူညီရေး နှောင့်နှေးနေလို့ မရတော့ဘူးလို့ UNDP ဌာနေ ကိုယ်စားလှယ် သတိပေး

မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ ပြည်သူတွေကို အရေးပေါ် ကူညီထောက်ပံ့ဖို့ နောက်ထပ် နှောင့်နှေးမနေသင့်တော့ဘူးလို့ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီအမံ (UNDP) ဌာနေ ကိုယ်စားလှယ်က အလေးအနက် သတိပေးခဲ့ပါတယ်။

ဖျက်ဆီးအား ပြင်းထန်တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြီး မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဖြတ်ကျော် တိုက်ခတ်သွားခဲ့တာ အခုဆိုရင် ရက်ပေါင်း ၂၀ လောက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ ဆိုင်ကလုန်းဒဏ်ခံ လူ့အဖွဲ့အစည်းတွေ အရေးပေါ် အကူအညီတွေ အသည်းအသန် လိုအပ်နေတာကို ထိထိရောက်ရောက် မဖြည့်ဆည်းနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

တစ်နာရီကို ကီလိုမီတာ ၂၅၀ နှုန်းလောက်နဲ့ အပြင်းအထန် တိုက်ခတ်သွားတဲ့ မိုခါကြောင့် လူ့အသက်တွေ ရာနဲ့ချီ ကြွေလွင့်ခဲ့ရသလို အိုးအိမ် အဆောက်အအုံတွေ၊ လယ်ယာ စိုက်ပျိုးမြေတွေ၊ ကျွဲနွားတိရစ္ဆာန်တွေ အများအပြားလည်း ဆုံးရှုံးခဲ့ရပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန် ခံစားထားရတဲ့ ပြည်သူတွေဟာ အရေးပေါ် အကူအညီတွေ အသည်းအသန် လိုအပ်နေပြီး အချိန်က အရမ်း တန်ဖိုးရှိလာပြီလို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိနေချိန်မှာ UNDP ဌာနေကိုယ်စားလှယ် တီတန် မစ်ထရာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စစ်တွေဟာ မိုခါရဲ့ဒဏ်ကို အပြင်းထန်ဆုံး တွေ့ကြုံ ခံစားခဲ့ရတဲ့ နေရာတစ်ခုပါ။

ဆိုင်ကလုန်း မိုခါဟာ ဒေသတွင်း ရေအရင်းအမြစ်တွေကို လုံးဝနီးပါး ညစ်နွမ်း ပျက်စီးသွားစေခဲ့ကြောင်း၊ မုတ်သုံ မိုးရာသီကလည်း တစထက်တစ နီးကပ်လာတဲ့အတွက် အဲဒီပြဿနာဟာ သီတင်းပတ် အနည်းငယ် အတွင်းမှာ ပိုဆိုးလာတော့မှာဖြစ်ကြောင်း သူက အလေးအနက် သတိပေးပါတယ်။

မုန်တိုင်းရဲ့ဒဏ်ကို သက်ရောက် ခံစားခဲ့ရတဲ့ နေရာဒေသတွေကို နိုင်ငံတကာ အထောက်အပံ့တွေ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိဖို့က အရေးတကြီး လိုအပ်ချက် ဖြစ်လာနေပြီလို့လည်း မစ်ထရာက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လတုန်းက ကုလသမဂ္ဂဟာ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီဖို့အတွက် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်နေကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။ အခုတော့ အကူအညီ တချို့ကို စတင်လက်ခံ ရရှိနေပြီ ဖြစ်တဲ့တိုင် ပြည်သူတွေအတွက် အမှန်တကယ် လိုအပ်တဲ့ အတိုင်းအတာနဲ့ ယှဉ်ရင်တော့ အကြီးအကျယ် ကွာဟနေဆဲလို့ မစ်ထရာက ဝန်ခံပါတယ်။ ဒါ့အပြင် ဝေးလံသီခေါင်တဲ့ နေရာတွေက မုန်တိုင်းဒဏ်ခံ ဧရိယာတွေဆီ သွားရောက် ကူညီဖို့ ဆိုတာကလည်း သီတင်းပတ်တွေနဲ့ချီ ကြာမြင့်လာတဲ့ထိ မဖြစ်နိုင်သလောက် ခက်ခဲနေဆဲပါ။

သူက ရခိုင် အပါအဝင် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေမယ့် အစီအမံတွေကို အာဏာသိမ်း စစ်တပ်ရဲ့ အာဏာပိုင်တွေဆီ တင်ပြထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဖော်တွေက အဲဒီ နယ်မြေတွေဆီ လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့က သိပ်အရေးကြီးတယ်လို့လည်း သူက လေးလေးနက်နက် ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီရေး လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ခင်းတိုက်ခိုက်ရင်း ပြည်တွင်းစစ်မီး တောက်လောင်နေတာ ၂ နှစ်လောက် ကြာမြင့်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်ထားရတဲ့ အခြေအနေမှာ ဒုက္ခကြုံနေသူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထောက်ပံ့ ပေးပို့တာကို နိုင်ငံရေးအရ အရောင်ဆိုးတာ၊ စစ်လက်နက် တစ်ခုလို အသုံးချတာတွေ မလုပ်ဖို့လည်း မစ်ထရာက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်း တချို့ဟာ ပြည်တွင်းမှာ အဆင်းရဲဆုံး စာရင်းဝင်တွေ ဖြစ်နှင့်နေသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်ဖို့က နှစ်တွေနဲ့ချီ အချိန်ယူရနိုင်တယ်လို့လည်း မစ်ထရာက ဝန်ခံခဲ့ပါတယ်။

ပြောရမယ်ဆိုရင် မုန်တိုင်းကြောင့် ရေငန်တွေပါ စိမ့်ဝင် လွှမ်းမိုးခဲ့တဲ့ ကုန်းတွင်း အကျယ်အဝန်းက စတုရန်း ကီလိုမီတာ ၁၂၀၀ လောက်ထိ ရှိခဲ့တဲ့နောက် ကျေးလက် ဧရိယာတွေက အသက်မွေးဝမ်းကြောင်း ဘဝတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရင်ပူစရာတွေ အများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် လယ်ယာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ နာလန် ပြန်ထူဖို့က အပြင်းအထန် ရုန်းကန်ရမယ့်သဘော ရှိနေပါတယ်။

ဒါ့အပြင် စိုက်ပျိုးမြေတွေမှာ ရေငန် ဝင်ကုန်လို့ပဲဖြစ်ဖြစ်၊ သိုလှောင်ထားတဲ့ မျိုးစေ့တွေ ပျက်စီးကုန်လို့ပဲဖြစ်ဖြစ် လာမယ့် သီတင်းပတ်တွေအတွင်းမှာ စိုက်ပျိုးရာသီသစ် ပြန်မစနိုင်ခဲ့ဘူးဆိုရင် နောက်ထပ် လပိုင်းတွေအတွင်း စားနပ်ရိက္ခာ အကျပ်အတည်းတွေ အကြီးအကျယ် ဂယက်ရိုက်ခတ်လာနိုင်တယ်လို့လည်း မစ်ထရာက သတိပေးခဲ့ပါတယ်။

ကျေးလက်ဒေသတွေမှာ မျိုးစပါးတွေ၊ မျိုးစေ့တွေ သိုလှောင်ထားသမျှ လုံးဝ ဥဿုံ ဆုံးရှုံးကုန်ကြောင်း၊ တကယ်လို့ ထိရောက် အားကောင်းတဲ့ တုံ့ပြန်ဖြေရှင်းမှုတွေ မလုပ်ဆောင်နိုင်ဘူးဆိုရင် စားနပ်ရိက္ခာ မလုံလောက်မှု၊ ကျပ်တည်းမှုတွေက ပြဿနာကြီးတွေ ဖြစ်လာလိမ့်မယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

မကြာသေးခင် ရက်ပိုင်းမှာတော့ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံကို ဆာလောင်မှု ဖိစီးနိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ နံပါတ် ၁၈ နေရာကို ထားရှိ သတ်မှတ်လိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ လက်ရှိ အခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် စားနပ်ရိက္ခာ မလုံလောက်မှုက အန္တရာယ် အကြီးဆုံး အဆင့်ထိ ဦးတည်သွားမယ့် သဘောပါပဲ။

တကယ်တော့ မိုခါဆိုင်ကလုန်း ဝင်မမွှေခင် ကတည်းက ရခိုင်ပြည်နယ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲနွမ်းပါးမှု ဖိစီးတဲ့ဒဏ် ခံစားနေခဲ့ရသလို လူပေါင်း ၂ သိန်းလောက်ကလည်း နယ်မြေ မငြိမ်သက်မှုတွေ အပါအဝင် အကြောင်းရင်း မျိုးစုံကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ကြရတယ်။ နိုင်ငံလူဦးရေဲ့ ထက်ဝက်ဟာ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဝဝလင်လင်တောင် မစားသောက်ရဘူးလို့ UNDPရဲ့ စာရင်းတွေအရ သိရပါတယ်။

တကယ်လို့ နိုင်ငံတကာ အသိုက်အဝန်းဆီက ထိရောက် လျင်မြန်တဲ့ အကူအညီတွေသာ လက်တွေ့ကျကျ မထောက်ပံ့နိုင်ဘူးဆိုရင် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ဆင်းရဲဒုက္ခ သံသရာတွေ အစဉ်မပြတ် ဆက်လည်ပတ်နေဦးမှာ သေချာတယ်လို့ မစ်ထရာက ပြောကြားသွားခဲ့ပါတယ်။