“ရမ်းချကုန်ပြီ။ သူ့တပ်က လွဲလို့ပေါ့။ ကျန်တဲ့ သူ့ဝန်ထမ်းတွေ သူနားမလည်ဘူးပေါ့” – ကရင်နီသတင်းရင်းမြစ်
စစ်ကောင်စီတပ်က ကရင်နီပြည်နယ် မယ်စဲ့မြို့ပေါ်ရှိ ဝန်ထမ်းအိမ်ယာများကိုပါ လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ စစ်ကောင်စီ ဝန်ထမ်းများလည်း ထိုင်းနိုင်ငံဘက် သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကရင်နီသတင်းရင်းမြစ်က ပြောသည်။
မယ်စဲ့ရှိ စစ်ကောင်စီတပ်စခန်း သုံးခုနှင့် မယ်စဲ့ရဲစခန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ပူးပေါင်းတပ်က ဇွန်လ ၁၃ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ခတ်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

“ဝန်ထမ်းအိမ်ရာတွေပါ အကုန်လုံးချတယ်ပြောတယ်။ မနေ့က မနက်က။ အဲဒါဝန်ထမ်းတွေက ထွက်ပြေးတဲ့အထဲ ပါတယ်။ ရမ်းချကုန်ပြီ။ သူ့တပ်က လွဲလို့ပေါ့။ ကျန်တဲ့ သူ့ဝန်ထမ်းတွေ သူနားမလည်ဘူးပေါ့။ စစ်ကောင်စီတပ်က ၁၃ ကုန်းတို့။ အဲဒီ မယ်စဲ့ အရှေ့ဘက်နားမှာ တစ်ခု ။ နှစ်ခုရှိသေးတယ်။ မယ်စဲ့မြို့ထဲက ဝန်ထမ်းအိမ်ယာတွေ ဆေးရုံတွေ အကုန်လုံးသူပစ်တယ်ပြောတယ်” ဟု ကရင်နီသတင်းရင်းမြစ်က ပြောသည်။
မိုးတွင်းကာလဖြစ်၍လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ အဓိကလုပ်ဆောင်သည်ဟု သိရကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

“တပ်စခန်းတွေကနေ လက်နက်ကြီးတွေ လှမ်းထုတာလေ။ အခုက လက်နက်ကြီးနဲ့ ပစ်တာ ပိုများတယ်။ လေကြောင်းကလည်း တချို့လည်း ပါမယ်ထင်တယ်။ အတိအကျ မသိရသေးဘူး။ တိုက်တာတော့တိုက်တယ်။ ဝန်ထမ်းတွေဘာတွေ ထွက်ပြေးကုန်တယ်ပြောတယ်”ဟု ကရင်နီ သတင်းရင်းမြစ်က ပြောသည်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “စကစ မထူးဇါတ်ခင်းပြီ၊ မယ်စဲ့မြို့ ရဲစခန်း၊ဆေးရုံ၊ ဌာနဆိုင်ရာရုံး၊ ဝန်ထမ်းလိုင်း အိမ်ယာ၊ ပြည်သူ့အိုးအိမ်များ မကျန်တိုက်လေယာဉ် ဖြစ်ပစ်ခတ်၊ ဗုံးကျဲကုန်ပြီ၊ ဝန်ထမ်းများ၊ ရဲများအချို့ကျည်ထိမှန်သေဆုံးဟု ဒေသခံများထံမှ သတင်းရရှိ၊ ဝန်ထမ်းများအပါအဝင် ပြည်သူများ နှစ်ထေင် ၂၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ဝင်ရောက်ခိုလှုံနေရကြောင်းသိရပါသည်”ဟုအသိပေးသည်။

မယ်စဲ့ဒေသ စစ်ရေးအခြေအနေကြောင့် ဒေသခံ ပြည်သူ များနှင့် အဆိုပါဒေသသို့လာရောက်တိမ်းရှောင်နေသည့် ဒီးမော့ဆို၊ ဖရူဆိုဒေသမှ စစ်ရှောင်များ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်သို့တိမ်းရှောင်နေရာ လူဦးရေ ၂၀၀၀ ခန့် ရှိပြီဖြစ်ကြောင်း ကရင်နီ သတင်းရင်းမြစ်က ပြောသည်။
