ခမ်းပတ်မြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်များကနာရီပေါင်းများစွာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်ညနေပိုင်းတွင် လေယာဥ်နှစ်စင်းဖြင့် အင်အားအများအပြား ချသွားကြောင်း သတင်းရရှိသည်။
တမူးမြို့နယ်၊ ခမ်းပတ်မြို့ရဲစခန်းကို တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ခမ်းပက်မြို့ရှိဒေသကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်း၍ ယမန်နေ့( ဇူလိုင် ၂၂ရက်)ည ၈ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။
ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

” တိုက်ပွဲက မနေ့ညကရော ဒီနေ့(ဇူလိုင်လ ၂၃ရက်)မနက်ပါ ဖြစ်တာ။ ဒီညနေ ၄နာရီမှာတော့ လေယာဉ်နှစ်စင်းနဲ့ လာတယ်။ လေထီးတွေနဲ့ အင်အား တိုးချနေတယ်” ဟု အထက်ပါ ရဲဘော်ကပြောသည်။
ခမ်းပတ်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။ ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုအပြင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကြောင်းလည်းဒေသခံအချို့ကပြောသည်။
တိုက်ပွဲမတိုင်ခင် ၃ ရက်ခန့်ကတည်းက စစ်ရေးတင်းမာနေပြီး ဇူလိုင် ၂၃ ရက်ညတွင် စတင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ မြို့ခံပြည်သူများပထမဆုံးတိုက်ပွဲအတွေ့အကြုံဖြစ်၍ စိုးရိမ်နေကြောင်း ပြည်သူအချို့ကပြောသည်။
“ခမ်းပတ် စစ်စခန်းနဲ့ ရဲစခန်းတို့တို့ကိုဝင်တိုက်လို့ကြားရပါတယ်။ခမ်းပတ်မြို့ပေါ်မှာထိတွေ့တိုက်ပွဲကဒါပထမဆုံးတိုက်ပွဲဖြစ်လို့လေ”ဟုဒေသခံတစ်ဦးကပြောသည်။
လမ်းမဘေးရှိနေအိမ်များ ဇူလိုင် ၂၃ ရက်ညကနေက ဘေးလွတ်မည့်ထင်ရာသို့တိမ်းရှောင်ကြပြီး ၊ ခမ်းပတ်မြို့ အနီးရှိကျေးရွာအချို့လည်းတိမ်းရှောင်နေရပြီဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်က အထိနာပါကလေကြောင်းမှတိုက်ခိုက်ခြင်း၊စစ်ကူပို့ခြင်းများပြုလုပ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။
စစ်ရေးတင်းမာနိုင်၍ ယခုရက်ပိုင်း ခရီးသွားလာခြင်းများမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။ တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ညအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ခမ်းပတ်မြို့ သည် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိမြို့ ဖြစ်သည်။
